သေနတ်အတိုကိုင်ဆောင်ထားပြီး နေအိမ်အတွင်း ပစ္စည်းဝင်ရောက်ခိုးယူနေသည့် လူငယ်တစ်ဦးကို ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်မြို့ရှိ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အရှေ့သာစည်ရပ်ကွက် နှစ် ၂၀၀၀ လမ်းရှိ နေအိမ်တစ်ခုတွင် ဝင်ရောက်ခိုးယူနေချိန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တပ်ထောက်လှမ်းရေးလားတော့ မပြောတတ်ဘူး။ မစ္စတိုတစ်လက်ပါတယ် လက်တော့ပ်(laptop) ဝင်ခိုးတာ အဲဒီအမျိုးသမီးကလည်း တစ်ခါတည်းအော်တော့ ရပ်ကွက်က ဝင်ဖမ်းပြီး မိသွားတာ” ဟုပြောသည်။

ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၃၆) တံဆိပ်ပါ သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

“ဖမ်းပြီးကြိုးတုပ်မယ်လုပ်တော့ သေနတ်အတိုတွေ့သွားတော့ ရဲစခန်းဖုန်းဆက်လိုက်တယ်။ ရဲစခန်းမှာ စစ်ဆေးတာလုပ်တော့ သုံးယောက်အတူထွက်ပြေးခဲ့တာ သူကတော့ ရဲဘော်အဆင့်နှစ်လို့ပြောတယ်။ ရဲဘော်နဲ့က တကယ်တမ်း အတိုနဲ့ ဘာမှမဆိုင်ဘူးလေ မသင်္ကာစရာပေါ့” ဟုပြောသည်။

အဆိုပါ အသက် ၂၀ ကျော်ခန့်အရွယ်ရှိ ယောက်ျားလေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့မရဲစခန်းမှ လာရောက်ခေါ်ယူသွားကြောင်း သူကဆက်ပြောသည်။

“ရဲစခန်းမှာ တပ်ရေးမှူးနဲ့ ဗိုလ်မှူးရောက်နေတော့ ရဲကလည်း ဘာမှလုပ်လို့မရဘူး။ ဥပဒေအရ ဘယ်လိုပဲဖမ်းမိမိ တပ်ကိုပဲ ပြန်လွှဲရတယ်ဆိုပြီး ပြောတယ်တဲ့။ တပ်က တကယ်ထွက်ပြေးတဲ့ ကောင်လား၊ တပ်က သေနတ်ပေးခိုင်းတာလားတော့ အတိအကျ မသိရဘူး” ဟုပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး The 74 Media က ဗန်းမော်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ အမှုဖွင့်ဆိုထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

လွန်ခဲ့သော ၂၀၂၁ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ကလည်း ဗန်းမော်မြို့၊ ဟန်းတဲကျေးရွာရှိ ပညာတံခွန် ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေးသင်တန်းကျောင်းကို ဓါးကိုင်ဆောင်ဝင်ရောက်လာသည့် သူခိုး ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးခဲ့သည်။

ဗန်းမော်မြို့တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စုအရေအတွက် ကိုးထောင်ကျော်ရှိပြီး လူဦးရေ ခြောက်သောင်းခန့် နေထိုင်သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

 

သင့်ထင်မြင်ချက်ရေးပေးပါ