ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတစ်ခုကို ယမန်နေ့ည ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၉) တပ်ရင်း (၆) နယ်မြေတွင် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူအထိအခိုက်မရှိကြောင်း အမည်မဖော်လိုသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်လေယာဉ်တစ်စီးပဲ ဗုံးနှစ်ခါချတာ ငါးမိနစ်ခြားတစ်ခါ။ တပ်စခန်းကိုတော့မထိဘူး။ တောထဲမှာကျတာ” ဟုပြောသည်။

စခန်းမရှိသောနေရာတွင် နှစ်ကြိမ်လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အခြားမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လေယာဉ်သံကြားတာနဲ့ အကုန်ရှောင်ထားကုန်ကြပြီ အခုသူတို့လာပစ်သွားတယ်ဆိုတဲ့နေရာကလည်း ဘယ်သူမှမနေဘူး။ နှစ်စင်းလာခဲ့တာ၊ ရှေ့ဆင့်နောက်ဆင့်ပဲ လာပစ်သွားတယ်” ဟုပြောသည်။

တပ်ရင်း (၆) နယ်မြေအတွင်းရှိ တောထဲတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၈ ရက်နေ့ကလည်း KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုဏ်းတောင်စခန်းအနီးရှိ စစ်ကောင်စီစခန်းကို တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးငါးလုံးခန့် လာရောက်ကြဲချသွားသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – SK, HN

သင့်ထင်မြင်ချက်ရေးပေးပါ