စစ်ရေးတင်းမာနေချိန် ခရီးသွားပြည်သူများအနေဖြင့် ဗန်းမော်မြို့နယ်အတွင်း သတိထားသွားလာကြရန် Bhamo People Defense Force (Kachin Region) က ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကုန်တင်ကားနှင့် ခရီးသည်ယာဉ်များကို အသုံးပြုလာသွားလာနေသောကြောင့် လုပ်ငန်းများနှောင့်နှေးမှုမရှိစေဘဲ အများပြည်သူက ဆင်ခြင်သွားလာနိုင်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု Bhamo KPDF အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ခက်တာက စစ်ကောင်စီက အကြောက်တရားလွမ်းမိုးနေပြီဆိုတော့ စစ်ကားမသုံးဘဲ ဖမ်းဆီးထားတဲ့ ကုန်ကားကြီး၊ ခြောက်ဘီးယာဉ်တွေသုံးပြီး သွားလာနေတော့။ ပြန်ပြီး အသိပေးတဲ့သဘောမျိုးနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေနှောင့်နှေးမှုမဖြစ်အောင် ထုတ်ပြန်လိုက်တာပါ” ဟုပြောသည်။

ဗန်းမော် – မြစ်ကြီးနား – မန္တလေး – လွယ်ဂျယ် ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများကိုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည့် အချက်များကို လိုက်နာစေလိုကြောင်း သူကဆက်ပြောသည်။

“တော်လှန်နေရဆဲ ကာလပတ်လုံးမှာ စစ်ကောင်စီကို အနှောင့်အယှက်ပေးတဲ့ လုပ်ငန်းတွေ ရှိနေဦးမှာမို့လို့ ပြည်သူတွေကို အမြဲသတိထားစေချင်ပါတယ်။ လိုက်နာရမယ့်အချက်တွေကတော့ လိုရင်းတိုရှင်းဆိုတော့ ပြည်သူတွေ လိုက်နာမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

ထုတ်ပြန်ချက်တွင် အချိန်ကာလသတ်မှတ်ချက်မပါရှိဘဲ စစ်ရေးအခြေအနေပေါ်မူတည်ကာ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ညကိုးနာရီနောက်ပိုင်း ညမထွက်ရ အမိန့် (မာရှယ်လော) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဗန်းမော်မြို့နယ်အတွင်း စစ်အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ