ဒေသခံများဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဇွန်လတွင် ပိတ်လိုက်သော မိုးကောင်းမြိုရှိ လောင်းကစားရုံတစ်ခုကို ယခုအခါ ပြန်ဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

နန့်ရင်းရပ်ကွက် နန့်ရင်းချောင်းကူး ရထားသံလမ်းတံတား အောက်ဘက်ရှိ နေအိမ်တစ်ခုတွင် ကျူခုံနှင့် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဟိုးအရင် တစ်လကျော်လောက်က မြို့နယ်မှူးက ပိတ်ခိုင်းထားတာ။ အခုက ပြန်လည်ပြီးတော့ဖွင့်တာပေါ့။ ဘိလိယက်ခုံကိုအကြောင်းပြပြီးမှ ဖွင့်ထားတာပေါ့။ လောင်းကစားဝိုင်းက ရှမ်းကိုးမီးဝိုင်း” ဟုပြောသည်။

လွန်ခဲ့သောတစ်လကျော်ခန့်က အဆိုပါလောင်းကစားရုံကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြခံရပြီးနောက် တစ်ပါတ်ခန့်အကြာတွင် ပိတ်သိမ်းသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိ အဆိုပါလောင်းကစားဝိုင်းတွင် ဒု-ရဲအုပ် အဆင့်မှအနားယူထားသည့် ဗိုလ်လေးမျိုးညွှန့်ဆိုသူနှင့် ဦးမင်းမင်းစိုးဆိုသူတို့ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်းများလည်း လာရောက်ဆော့ကစားလေ့ရှိကြောင်း ဒေသခံလူငယ်တစ်ဦးကပြောသည်။

“ဌာနပေါင်းစုံပေါ့နော် အဲ့ဒီမှာသွားရောက်ပြီးတော့ ဆော့တာ သံတံတားအောက်မှာ။ ရဲတွေရော၊ ထွေအုပ်တွေရော အကုန်လုံးပေါ့ တိတ်တိတ်ပုန်းဆော့တာဆိုပေမယ့် ဝိုင်းကတော့ ကြီးတယ်” ဟုပြောသည်။

လောင်းကစားဝိုင်းကို ည ၁၀ နာရီခန့်အထိ ဖွင့်လေ့ရှိပြီး စစ်ကောင်စီဝန်ထမ်းများက အဓိက သွားရောက်ဆော့ကစားကြပြီး လာရောက်ဆော့ကစားသည့် ပြည်သူအနည်းငယ်သာရှိကြောင်း သိရသည်။

မိုးကောင်းမြို့အတွင်း ဖွင့်လှစ်ထားသော အချို့လောင်းကစားဝိုင်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများကို တစ်လလျှင် ငွေကျပ်သိန်း ၅၀ ခန့် လိုင်းကြေးပေးဆောင်ကာ ဖွင့်လှစ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲများကို အခွန်အခပေးပြီး လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများ ပိုမိုများပြားလာသည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ခိုးဆိုးလုယက်မှုများလည်း ပိုများလာသည်။

သတင်း – သုတ

ဓါတ်ပုံ – မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် ဖိုးချစ်ကုန်းရှိ လောင်းကစားဝိုင်းတစ်ခုကို ပြီးခဲ့သည့် မေလက မြင်ရပုံ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ