လည်ပင်းအကြိတ် ဝေဒနာခံစားနေရသော မြစ်ကြီးနားမြို့ ဆယ်မိုင်ကျေးရွာ ရပ်ကွက် (၁)မှ အမျိုးသားတစ်ဦး ခွဲစိတ်ကုသစရိတ် အကူအညီလိုအပ်နေကြောင်း သိရသည်။

လည်ပင်းညာဘက်တစ်ခြမ်း အကြိတ်ဖြစ်ကာ ခွဲစိတ်စရိတ် သိန်း (၅၀)ခန့်လိုအပ်နေကြောင်း ဆရာဝန်ကပြောသည်ဟု ဇနီးဖြစ်သူက The 74 Media ကိုပြောသည်။

“ဒီလိုဖြစ်တာ တစ်နှစ်ကျော်လောက်ရှိပြီ။ ဧပြီလမှာဆေးခန်းကိုသွားပြတော့ အကြိတ်ဖြစ်တယ်လို့ ဆရာဝန်ကပြောတယ်၊ ခွဲစိတ်ရမှာတဲ့။ မြစ်ကြီးနားမှာ မနိုင်ရင် မန္တလေးဆင်းရမယ်လို့ပြောတယ်။ ပိုက်ဆံကအများကြီးကုန်တော့ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်။ အခုလည်း သမီးဖြစ်သူရဲ့အိမ်မှာလာနေတာ” ဟုပြောသည်။

အကြိတ်ကြောင့် ညအချိန်အိပ်မရသည့် ဝေဒနာခံစားနေရကြောင်း အကြိတ်ဝေဒနာသည် ဦးခင်လုံးကပြောသည်။

“ပြည်က ပုံမှန်ထွက်နေတယ်၊ ဘာမှစားလို့မရဘူး။ ဆန်ပြုတ်တွေပဲသောက်နေရတယ်။ စဖြစ်လာတဲ့အချိန်က နံရိုးတွေအရင်နာလာတာ ဟုတ်တယ်။ ပြီးမှ လည်ပင်းမှာအကြိတ်ဖြစ်လာတာ။ ညဆိုလည်းအိပ်ရင်လှုပ်လို့မရဘူး။ ပြည်က ပြန်ပြန်ထွက်လာတယ်၊ အဝတ်လျှောပေးရတာတောင်မလွယ်လှဘူး။ နည်းနည်းခေါင်းလှည့်မှားတာနဲ့အရမ်းနာပြီ” ဟုပြောသည်။

အသက် ၅၀ ခန့်အရွယ် ဦးခင်လုံးတွင် သားသမီး ၄ ဦးရှိပြီး လက်ရှိအချိန်တွင် သမီးဖြစ်သူနေအိမ်တွင် ဇနီးဖြစ်သူနှင့်အတူနေထိုင်နေကြောင်း သိရသည်။

လည်ပင်းအကြိတ်ခံစားနေရသည့် ဦးခင်လုံးကို ကူညီလိုပါက ဖုန်းနံပါတ် ၀၉၈၈၇၇၁၆၅၃၀ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – Doi Awng
ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ