ကချင်လွတ်မြောက်ရေးတပ် (KIA) က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုဏ်းတောင်စခန်းအနီးကို ယနေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးငါးလုံးခန့် လာရောက်ကြဲချသွားခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲဖြစ်ပွားချိန်မှ ဒေသခံပြည်သူများတိမ်းရှောင်နေရသည်ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ နတ်မှော်ကျေးရွာ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်လာတဲ့အသံ မကြားရဘူး။ ငါးလုံးရှိပြီလာချသွားတာ မနေ့က တိုက်ပွဲဖြစ်ကတည်းကနေ ဒေသခံတွေကတော့ အကုန်ရှောင်သွားကြပြီ။ အထိခိုက်အသေအပျောက်တွေကင်းပါစေလို့ပဲ ဆုတောင်းပေးနေတယ်” ဟုပြောသည်။

လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ချိန်တွင် ဖားကန့်မြို့ရှိ ဗျူဟာကုန်းကလည်း လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း အသက် ၄၀ နှစ်ခန့်အရွယ်ရှိ မှော်စီစာကျေးရွာနေ အမျိုးသမီးတစ်ဦးကပြောသည်။

“ဗျူဟာကုန်းကနေ ပစ်နေတာ အခုဆိုရင် လေးခါရှိပြီ။ လက်နက်ကြီးနဲ့ပစ်တာ၊ အရင်တစ်ခေါက် ညတုန်းကဆို မီးလုံးကြီးတောင်မြင်ရတဲ့ လက်နက်မျိုးနဲ့ ပစ်နေတာ။ ဖားကန့်ဖက် ဖုန်းဆက်ကြည့်တော့ ဗျူဟာကုန်းမှာလည်း လေယာဉ်က မနားဘူးတဲ့ ဖြတ်သွားတယ်လို့ပြောတယ်။ လေယာဉ်ဖြတ်သွားတဲ့နောက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်တာ” ဟုပြောသည်။

KIAနှင့် လက်အောက်ခံ KPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်း တည်ရှိရာနေရာအနီးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုက KIA နဲ့ KPDF တွေရှိမယ်လို့ထင်တဲ့နေရာတွေကို လာရမ်းပစ်နေတာ။ လူနေအိမ်တွေပေါ်တော့ ကျတယ်လို့ပြောတယ်။ ရွာထြလူတွေအများစုကတော့ မှော်ရှန်ဘုန်းကြီးကျောင်းကို ရှောင်သွားကြပြီလို့သိရတယ်” ဟုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိသည်ဟု ကနဦးသိရပြီး ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ တပ်မ ၃၃ လက်အောက်ခံတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ကသိုဏ်းတောင်ပေါ်မှစစ်ကောင်စီစခန်းကို KIA က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဖားကန့်မြို့နယ်နှင့် မိုင် ၄၀ ခန့်အကွာရှိ ကချင်-စစ်ကိုင်းနယ်စပ်၊ ဟုမ္မလင်းမြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီး တည်ဆောက်ထားသော SNA တပ်စခန်းတစ်ခုကိုလည်း တချိန်တည်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာအနီးရှိ ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ရာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး KPDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း – SK, Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ