စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ပုလဲမြို့နယ်မှ ဒေသခံပြည်သူသုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကျေးနင်းကျေးရွာနှင့် ကြောင်သန်းကျေးရွာကြားတွင် ဇီဖြူကုန်းပျူစခန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် လူသားစာနာတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ကောင်(စစ်ကောင်စီ)တွေက စစ်ကြောင်းထိုးလာတယ် ပုလဲမြို့နယ်မှာ အခြေချထားတဲ့တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ မိုင်းခွဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်” ဟုပြောသည်။

တစ်နာရီခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“ဂျက်ဖိုက်တာတစ်စီးရောက်လာပြီး ဗုံးကြဲတာတွေ စက်သေနတ်တွေနဲ့ ၁၅ မိနစ်လောက် တရစပ် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ကူတဲ့အနေအထားရောက်ပြီဆိုရင် တိုက်ပွဲအတွေ့အကြုံအရ သူတို့ဘက်က ထိခိုက်သေဆုံးမှုများလို့လို့ သုံးသပ်တယ်။ အရင်ကတိုက်ပွဲတွေမှာလည်း ခဏခဏကြုံဖူးပါတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကျေးနင်းကျေးရွာတွင် ဆေးဝါးကုသမှုခံယူနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့သော လမ်းတစ်လျောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာလည်း နီးစပ်ရာဆွေမျိုးများနှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးနင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အခုရွာမှာတိုက်ပွဲအခြေနေ ဘယ်လိုရှိလဲတော့မသိဘူး။ ကျွန်တော်လည်းပြေးနေတဲ့ထဲပါသွားတာ။ အဲ့ကောင်တွေ(စစ်ကောင်စီတွေ) ဇီးဖြူကုန်းကိုရောက်နေပြီဆိုတော့ ပြေးရမယ်လို့ခန့်မှန်းပြီးတော့ ကြိုပြင်ဆင်ထားတာတွေရှိတယ်။ အခုလောလောဆယ်က နီးစပ်ရာကျေးရွာတွေနဲ့ ဆွေမျိုးသားချင်းတွေမှာ၊ တောထဲမှာ အဆင်ပြေသလိုနေကြရတယ် စစ်ရှောင်စခန်းဆိုပြီး သီးသန့်မရှိဘူးလေ” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူ သုံးထောင်ခန့်မှာ ငှက်ပျောတောကျေးရွာ၊ ခေါ်သန္တီကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဆင်ရှင်ကျေးရွာ၊ ကြောင်သန်းကျေးရွာ၊ ကျေးနင်းကျေးရွာနှင့် သေတ္တရာကျေးရွာတို့မှ ဖြစ်ကြောင်းသိရသည်။

ပုလဲမြို့နယ်၊ တနယ်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ နှစ်ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် ကင်းစောင့်နေသည့် အသက် ၆၀ ခန့်အရွယ်ရှိဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng
ဓါတ်ပုံ – ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေသော‌ ဒေသခံများ (ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ fb page)
43m

Zau Ring CM

 

သင့်ထင်မြင်ချက်ရေးပေးပါ