အမည်မသိရောဂါတစ်မျိုးကြောင့် ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာတွင် ကျွဲနှင့်နွား အများအပြားသေဆုံးနေကြောင်း သိရသည်။

ကူးစက်မှုနှင့် သေဆုံးမှုအလွန်များပြားနေပြီး ပြီးခဲ့သည့် ဇူလိုင်လခန့်မှစတင်ကာ လမ်းဘေးနှင့် မြစ်ချောင်းများအနီးတွင် လဲကျသေဆုံးနေခြင်းဖြစ်သည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ပါးစပ်ကနေ အမြှုပ်တွေထွက်ပြီး လဲကျသေသွားတာ။ အခုဆို ကျွဲတွေက ကုန်တောင်ကုန်ပြီလားမသိဘူး။ အိမ်ရှေ့ကမီးတိုင်နားမှာ တစ်ကောင်သေသွားတာကနေစပြီးတော့ ဆက်တိုက်သေကြတာပဲ။ အင်ဆီခချောင်းဘက်လည်း အများကြီးသေတယ်” ဟုပြောသည်။

ယခင်ကလည်း အမည်မသိရောဂါများဖြင့် ကျွဲ၊ နွားသေဆုံးမှုများရှိသော်လည်း ယခုကဲ့သို့ မြန်ဆန်မှုနှင့် သေဆုံးမှုများပြားခြင်း မရှိကြောင်း သူကဆက်ပြောသည်။

“အခုကနည်းနည်းထူးဆန်းတယ်။ ဖြစ်တာနဲ့ချက်ချင်းသေတာ အရင်ကတော့ တစ်ပါတ်၊ နှစ်ပါတ်လောက် ဖျားပြီး ပိန်ချုံးပြီးတော့မှ သေတာ။ အခုက အနာစိမ်းလိုအရင်ဖြစ်တာ ဘယ်လောက်မှမခံဘူး တစ်ရက်၊ နှစ်ရက်ဆို သေသွားကြပြီ။ ခြေလက်တွေနဲ့ ဗိုက်မှာရောင်တဲ့ကောင်တွေကတော့ နည်းနည်းခံတယ်” ဟုပြောသည်။

တစ်လအတွင်း ကျွဲ၊ နွား အကောင်ရေ ၁၂၀ ထက်မနည်း သေဆုံးခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် လိုက်လံရှင်းလင်းနေရကာ သေဆုံးမှုကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အစပိုင်းကတော့ ကျင်းတူးပြီး မြှုပ်ကြတာ။ နောက်ပိုင်း အရမ်းများလာတော့ ဘယ်လိုမှ ကျင်းမတူးနိုင်ဘူး။ အဆင်ပြေသလိုပဲ ရှင်းကြတာ။ အခုက ဘယ်သူ့ကျွဲနွားမှန်းကို မသိတော့တဲ့ အခြေအနေဖြစ်နေတယ်။ အစမှာတော့ ချောင်းမှာမပစ်ဘူး အခုတော့ချောင်းမှာတွေလည်း အများကြီးသေနေတော့ မထူးတော့ဘူးဆိုပြီး မျောလိုက်တယ်” ဟုပြောသည်။

မြစ်၊ ချောင်းအနီးနှင့် တောအတွင်း သေဆုံးကာ ပုပ်ပွနေသည့် ကျွဲနှင့် နွားများကို သွားရောက်ရှင်းလင်းကြခြင်းမရှိဘဲ လွန်ခဲ့သောအပါတ်မှ စတင်ကာ ကျေးရွာအတွင်း သေဆုံးသည်များကိုလည်း ချောင်းများတွင်စွန်ပစ်နေကြခြင်းဖြစ်သည်။

ဆွမ်ပီယာန်ကျေးရွာတွင် လက်ရှိအချိန် ကျွဲနှင့် နွားများအပြင် ဝက်များလည်း ရောဂါဖြစ်ကာ သေဆုံးမှုများရှိနေပြီး သက်ဆိုက်ရာများကလည်း လာရောက်စစ်ဆေးကြည့်ရှုပေးခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လကလည်း ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာ၊ တန်ဂျာကျေးရွာနှင့် ပူတာအိုမြို့ရှိ ကျွဲနှင့် နွားများ ခန္တာကိုယ်နှင့် ပါးစပ်တို့တွင် အနာများဖြစ်လာပြီး နှာခေါင်းမှ သွေးများထွက်ကာ သေဆုံးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ဆွမ်ပီယာန်ကျေးရွာရှိ ဒေသခံပြည်သူများသည် လယ်ယာများ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ကျွဲနွားများကိုရောင်းချကာ စားဝတ်နေရေးဖြေရှင်းနေကြခြင်းဖြစ်သည်။

သတင်း – Dureng
ပုံ – Aong Awng facebook

သင့်ထင်မြင်ချက်ရေးပေးပါ