ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၄ နာရီခန့်တွင် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကသိုဏ်းတောင်အနီးရှိ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု KPDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လေကြောင်းလည်းစိုးရိမ်ရတာနဲ့ သိမ်းစရာရှိတာသိမ်း ယူစရာရှိတာယူပြီး တပ်ပြန်ဆုပ်ခဲ့ကြတယ်။ စစ်သားတွေတော့ တော်တော်အထိနာသွားကြတယ်လို့ သိရတယ်” ဟုပြောသည်။

တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယနေ့နံနက် ၇ နာရီခန့်အချိန်ထိ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဖားကန့်ဗျူဟာကုန်းနှင့် ဆန်းကြွယ်ဘုရားကုန်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကူခဲ့ကြောင်း အသက် ၅၁ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေပစ်နေတာ မရေအတွက်နိုင်တော့ဘူး။ အိမ်တွေပါတုန်တယ် သူတို့ဘက်တော်တော်ကျသွားလို့ အခုလို ဆက်တိုက်ပစ်နေတာ။ KIA တွေရှိမယ်လို့ထင်ရတဲ့နေရာတွေကို ရမ်းသမ်းပြီး ပစ်နေတာ” ဟုပြောသည်။

တိုက်ပွဲတွင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသော်လည်း လက်နက်အမျိုးအစားနှင့် အရေအတွက်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာအနီးရှိ ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ရာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး KPDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ