ဖားကန့်မြို့ မနကျေးရွာအနီး ကမ်းပါးပြိုကျသဖြင့် ရေလှိုင်းနှင့်အတူမျောပါ ပျောက်ဆုံးနေသူများကို ယနေ့နံနက်စတင်ရှာဖွေခဲ့ရာ ထပ်မံပြိုကျလာသောကြောင့် ရှာဖွေရေးလုပ်ငန်းများ ယာယီရပ်နားထားကြောင်း သိရသည်။

လူမှုကူညီရေးအသင်းများပူးပေါင်းက ပျောက်ဆုံးနေသူများကို ရှာဖွေနေချိန် ယမန်နေ့ မြေပြိုကျခဲ့သောနေရာအနီး မြေနံရံများထပ်မံပြိုကျလာသောကြောင့် ရပ်နားလိုက်ရခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကပြိုကျထားတဲ့နေရာက စိမ့်ရေထွက်လာတာ ပိုများလာတယ်။ ကမ်းပါးတွေကလည်း တဖြည်းဖြည်းအိပြီး ပြိုလာတော့ နားလိုက်တာ။ မြေစာပြိုကျတာနဲ့ ရေလှိုင်းကရိုက်တော့ ကျွန်တော်တို့ ကယ်ဆယ်ရေးလှေတွေက သွားလို့မရတော့ဘူး” ဟုပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီခန့်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ရုပ်အလောင်းမတွေ့ရှိသေးကြောင်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ မနေကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

“မနက်ကတည်းက ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားပြီး ရှာပေးနေကြတာ။ ဒါပေမဲ့ ကမ်းပါးက ရေစီးနဲ့အတူ အိနေတော့ ထပ်ခါ ထပ်ခါပြိုကျလာတယ်။ အဲ့ဒါကြောင့် အလောင်းရှာတာတွေကို နားထားလိုက်ရတယ်” ဟုပြောသည်။

လူပျောက်လာရောက်တိုင်ကြားထားသော စာရင်းများအရ ပျောက်ဆုံးနေသူ ၃၆ ယောက်အထိရှိလာပြီး စာရင်းအတိအကျအတည်နိုင်ရန်ခက်ခဲနေဆဲဖြစ်ကြောင်း မနကျေးရွာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦက ပြောသည်။

“ဒီမနက်မှ စာရင်းပြန်လာပေးတာ လေးယောက်ထပ်တိုး အတည်ပြုလို့တော့မရသေးဘူး၊ တချို့ မသိသေးတဲ့သူတွေလည်းရှိသေးတယ်။ မိသားစုဝင်တွေ ခဏခဏဖုန်းဆက်မေးနေကြတာ အမြန်ဆုံးတွေ့ပါစေလို့ဆုတောင်းတယ်” ဟုပြောသည်။

 

ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းတောင်လုပ်ကွက်တွင် ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှု‌ကြောင့် နွံကန်ဘေးတွင် လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်းမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက် (၂) တွင်လည်း ဩဂုတ်လ ၅ ရက်နေ့က ကမ်းပါးပြိုကျမှုကြောင့် ရေချိုးနေသည့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးက ရေစီးနှင့်အတူ‌မျောပါသွားကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

ဖားကန့်မြိုနယ်ရှိ ရွှေကျောက်တူးဖော်သော လုပ်ကွက်မြေစာပုံများသည် မြေပြို၊ ကျင်းပြိုကာ နှစ်စဉ် လူအသေအပျောက်များ ရှိနေပြီး ၂၀၂၀ ခုနှစ် မြေစာပြိုကျမှုကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ