ဖားကန့်မြို့ ဆိုင်းဂျာဘွမ်ကျေးရွာအနီးမှ YTD လုပ်ကွက်စွန့်ပစ်မြေစာပုံအနီးရှိ နွံကန်တွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်းဖြစ်နိုင်သည်ဟု အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ဆိုင်းဂျာဘွမ်ဒေသခံတစ်ဦးက ပြောသည်။

“အလောင်းက တစ်ပါတ်လောက်ရှိပြီထင်တယ် တော်တော်လေးကို ပုပ်ပွနေပြီ။ မိုးရွာလိုက် နေပူလိုက်ဆိုတော့ ကမ်းပါးတွေက အကုန်လုံးအက်နေပြီလေး။ အဲ့တာပြိုပြီးသူကိုဖိသွားလို့ အလောင်းကရေထဲကနေ အခုမှပေါ်လာတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်းနှင့် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အကုန်ပုပ်ပွနေပြီကော မျက်နှာတွေလည်းစုတ်ပြတ်သတ်နေပြီ။ ဘယ်ဆီမှဆက်သွယ်လို့လည်းမရတော့တာနဲ့ ပိုင်ရှင်မဲ့အလောင်းဆိုပြီး မီးသင်္ဂြိုဟ်ပေးလိုက်တယ်” ဟုပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ ဥရုချောင်းအတွင်း မေလ ၂၀ ရက်နေ့ကလည်း အဝတ်ဗလာ၊ ရင်ဘတ်နှင့် ကျောတို့တွင်ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်း ရေစီးနှင့်အတူမျောပါလာသည်ကို တွေ့ရှိခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ