ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုကြောင့် နမ္မတီးမြို့တွင် ယနေ့နံနက် ၇ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့လှရပ်ကွက်ရှိ မူလတန်းကျောင်းအနီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းနင်သူ အမျိုးသားတစ်ဦး ဘယ်လက်နားရွက်ပြတ်ထွက်၊ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ‘ကုသိုလ်ဖြစ်’ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ခရီးသည်ကားတစ်စီးတိုက်ပြီး ထွက်ပြေးသွားတယ်လို့ပြောကြတယ် အသေးစိတ်တော့မသိရဘူး။ သေဆုံးသွားသူက ဒီရွာကပဲဓာတ်ဆီထည့်ဖို့သွားလိုက်တာ နောက်ကတိုက်လိုက်တာတဲ့၊ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဆိုင်ကယ်လည်းတော်တော်ပျက်စီးသွားပြီ။  ဦးခေါင်းထိသွားတာဟုတ်တယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ဦးဂမ်အောင်ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို နမ္မတီးတိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မိုးကောင်းမြို့နယ် နမ္မတီးမြို့နှင့် မရမ်းကျေးရွာကြားတွင် လင်ခရူဇာကားနှင့် တုန်ဟုန်းကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ