ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆဒုံးရေတံခွန်အနီးရှိ KIA တပ်ဖွဲ့ဝင်များ အခွန်ကောက်သည့်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆဒုံးဒေသခံအမျိူးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးလည်း တော်တော်ကြားရတယ်။ ဒီဘက်ကလည်းပစ် ဟိုဘက်ကလည်းပစ်ထင်တယ် လက်နက်ကြီးက အကြိမ်ရေတောင် မရေတွက်နိုင်ဘူး။ အခုလည်း တစ်ချက်တစ်ချက်ကြားနေရသေးတယ်။ စစ်ကောင်စီတွေအင်အားဘယ်လောက်ရှိတာကမသိရဘူး။ ဟိုနေ့တွေကလှုပ်ရှားနေတာ အင်အား ၂၀၀ ကျော်လောက်ရှိတယ်လို့တော့ကြားရတယ်” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၃) တပ်ဖွဲ့ဝင်များအထိုင်ချထားသည့် အင်ဝမ်ကောင်ကျေးရွာနှင့် ဆဒုံးရေတံခွန်ကြားရှိ အခွန်ဂိတ်သို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆဒုံးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာသေချာတယ် KIA တွေရှိတဲ့နေရာမှာ စစ်ကောင်စီတွေ ရှိနေပြီလို့ပြောတယ်။ စစ်ကောင်စီတွေ အင်အားအရမ်းများပြီးထိုးလာတော့ တော်တော်တိုက်ပွဲဖြစ်လိုက်တာတဲ့။ KIA တွေလည်း စခန်းရှိတဲ့ အထက်ဘက်ကိုပြန်တက်သွားတယ်လို့သိရတယ်။ အခုကအဲ့မှာ စစ်ကောင်စီတွေပဲရှိနေပြီတဲ့” ဟုပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီ၊ လီဆူပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြား ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ