တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ နံနက် ၄ နာရီခန့်က ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့ အနောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ လုခူပရားကျေးရွာနှင့် ဒိုရောကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်နဲ့ပျံလာပြီး ကြဲသွားတာဗျ တစ်ယောက်ကတော့ သေဆုံးသွားပါတယ်။ ကလေးနှစ်ယောက်က ဒဏ်ရာရသွားတယ်။ ရွာမှာက ရဲဘော်တွေဆိုတာလည်း လုံးဝမရှိဘူးဗျ။ အဲ့တာကို ဘယ်လိုမျိုး ဘယ်လိုစိတ်ဓာတ်နဲ့ ချသွားတာလဲမသိဘူး” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးလွီးဇီဆိုသူဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ခုနှစ်လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားကာ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပစ်သွားတာကိုကြည့်ရင်လည်း ဘုရားကျောင်းကို ဦးတည်ပြီးပစ်တဲ့ပုံစံပေါ့နော်။ ဘာလို့အဲ့လိုပြောရလည်းဆိုရင် အခုပစ်သွားတဲ့နေရာကလည်း ဘုရားကျောင်းနဲ့နီးတယ် ပေ ၁၀၀ ဝန်းကျင်လောက်မှာ ဖြစ်သွားတာ။ ပြီးရင် အရင်နေ့ကလည်း စာသင်ကျောင်းကို ပစ်သွားတာ” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ အစောပိုင်းကလည်း စစ်ကောင်စီတပ်က ဖရူဆိုမြို့ အနောက်ဘက်ခြမ်း လုခူပရားကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဖရူဆိုမြို့နယ်တွင် အိမ်ထောင်စုအရေအတွက် ၆၀၀၀ ခန့််ရှိပြီး လူဦးရေ သုံးသောင်းခန့်နေထိုင်သည်။

သတင်း – Ma Di

ပုံ – Kantarawaddy Times

သင့်ထင်မြင်ချက်ရေးပေးပါ