ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နောင်မွန်းမြို့နယ်ရှိ ကဆန်ချောင်းရေကြီးလာသောကြောင့် အနီးရှိ အမှတ် (၁) အခြေခံပညာ မူလတန်းကျောင်းဝင်း မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ ချောင်းရေမြင့်တက်လာသဖြင့် ကျောင်းခြံစည်းရိုးနှင့် ကျောင်းဝင်းအတွင်းမှ‌မြေဆယ်ပေခန့်ပြိုကျခဲ့သောကြောင့် ကျောင်းယာယီပိတ်ထားသည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“တောင်ပေါ်ဒေသဆိုတော့ မိုးရွာလိုက်တာနဲ့တော့ တောင်ကျရေတွေဝင်ပြီး ချက်ချင်းကြီးတာ။ ကျောင်းမှာ ထိန်းရတာလည်းခက်တဲ့ အရွယ်ကလေးတွေပဲဆိုတော့ အဲ့ချောင်းဘက်မသွားနဲ့ဆိုလည်း သွားကြမှာလေး။ ကျောင်းမှာရှိတဲ့ဝန်ထမ်းတွေလည်း ကလေးတိုင်းကိုမကြည့်နိုင်လို့ မြို့နယ်ပညာရေးမှူးကိုတင်ပြပြီး အခုလို ကျောင်းပိတ်လိုက်တာ” ဟုပြောသည်။

ချောင်းရေသည် ဆောက်လုပ်ထားသော ရေကာတာထက် မြင့်တက်ကာကျော်လွန်လာသောကြောင့် မြေပြိုကျခဲ့ခြင်းဖြစ်ပြီး ကျောင်းသားသုံးအိမ်သာတစ်လုံးလည်း ပြိုကျခဲ့ကြောင်း သူကဆက်ပြောသည်။

“ရေကာတာက ချောင်းအလယ်ရောက်သွားပြီ ကျောင်းဝင်းက နှစ်တိုင်းလိုလိုပြိုတာ။ ဒီနှစ်တော့ မိုးအရမ်းရွာတဲ့ ခုနှစ်လပိုင်းတောင်မရောက်သေးဘူး ရေကတော်တော်ကြီးနေပြီ။ မိုးက အခုလည်း ရွာနေတယ်ဆိုတော့ ရေလည်းပြန်ကျသွားမယ်လို့တော့မထင်ဘူး” ဟုပြောသည်။

ကျောင်းကိုလာမည့် လာမည့်တင်္နလာနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါကျောင်းတွင် ကျောင်းသားပေါင်း ၁၃၅ ဦးခန့် ပညာသင်ကြားနေကြောင်း သိရသည်။

ပုံမှန်အချိန်တွင် ကဆန်ချောင်းနှင့် အဆိုပါကျောင်းမှာ ပေ ၆၀ ခန့်ကွာဝေးသော်လည်း ရက်ပေါင်း ၂၀ ခန့် အဆက်မပြတ် မိုးရွာသွန်းခဲ့သောကြောင့် ချောင်းရေမှာ ယခင်နှစ်များထက် ရေတက်နှုန်းပိုမိုမြန်ဆန်ပြီး ရေစီးသန်ကြောင်း ကျောင်းသားနှစ်ဦး၏ အဖိုးဖြစ်သူကပြောသည်။

“မနှစ်တုန်းကတော့ ရပ်မိရပ်ဖတွေကျောင်းက ကလေးတွေကို လားစောင့်ကူတယ်။ ဒီနှစ်ကတော့ မနှစ်တုန်းကထက် ရေစီးပိုကြမ်းတယ် မိုးလည်းဆက်တိုက်ရွာလို့ ရေလည်းပိုကြီးမှာပဲ။ ရေကြီးချိန်ပါလာတဲ့ သစ်တုံးတွေက ကမ်းပါးတွေကိုတိုက်လို့မြေပြိုတာဟုတ်တယ်။ ငါတို့ရဲ့မြေသားကလည်း သဲနုမြေဆိုတော့ အရမ်းပြိုလွယ်တယ်” ဟုပြောသည်။

နောင်မွန်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မချမ်းဘော့ – နောင်မွန်းလမ်းတွင်လည်း ဇွန်လ ၁၉ ရက်နေ့က ကမ်းပါးပြိုကျပြီး လမ်းကြောပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

နောင်မွန်းမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးထောင်ကျော်ခန့်နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းရေးအတွက် တောင်ပေါ်မှ ဆေးမြစ်ရှာဖွေသည့်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသောဒေသဖြစ်ကြောင်းသိရသည်။

သတင်း – Dureng

ဓါတ်ပုံ – PUTAO Regional info

သင့်ထင်မြင်ချက်ရေးပေးပါ