ကိုးကန့် (MNDAA) တပ်က ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဇွန်လ ဒုတိယအပတ်က စက်ပြင်ပေးရန်ဟုဆိုကာ နေအိမ်မှ MNDAA တပ်စခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ရုပ်အလောင်းလာယူရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကာလိုင်သူတို့စခန်းကို ခေါ်ဆင်းသွားတာ။ ဘိန်းဖြတ်မယ်ဆိုပြီးပြောတော့ ခေါ်ဖြတ်ကြတယ်လို့ ပြောတယ်။ အဲ့မှာသူက နေမကောင်းတော့ဘဲ အားဆေးထိုးပေးတဲ့ အချိန်မှာ သေသွားတယ်လို့ ကျွန်တော်တို့ကို အဲ့လိုပြောတယ်။ ဘယ်နေ့ကခေါ်သွားတာလည်းတော့ မသိလိုက်ရဘူး။ ဟိုတနေ့က အလောင်းလာသယ်ယူတော့ဖို့ပြောတာ ရွာမှာထားမှာဆိုပြီးပြောတော့ လာပို့ပေးတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ကိုတူးလွမ်ဆိုသူဖြစ်ပြီး ရုပ်အလောင်းသွားယူချိန်တွင် ကိုးကန့် (MNDAA) က ငွေသား ၃၅ သိန်းပေးခဲ့သဖြင့် ပြည်သူတစ်ဦးအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း သူကဆက်ပြောသည်။

“သူ့အသုဘမှာသုံးဖို့ဆိုပြီး လာပေးထားတယ်။ ပြည်သူတစ်ယောက်ကို အဲ့လိုလုပ်တော့ စိတ်မကောင်းဘူးလေ။ ပိုက်ဆံပေးပြီး အဆုံးသတ်လိုက်တာတော့ မလိုလားဘူး။ (KIA) သက်ဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေကို အဖြစ်အပျက်တွေ အားလုံးပြောပြထားတယ်” ဟုပြောသည်။

ဦးတူးလွမ်၏ ရုပ်အလောင်းသွားယူချိန်က ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များက ရုပ်အလောင်းကို ဖွင့်ကြည့်ခွင့်မပြုခဲ့ကြောင်းနှင့် ခန္ဓာကိုယ်တွင် ရိုက်နက်နှိပ်စက်ထားသောဒဏ်ရာများ ရရှိထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူကစက်တွေလည်းပြင်တက်တဲ့ အဲ့အချိန်ကြတော့ ကားပြင်ဖို့ဆိုပြီးခေါ်သွားတာ။ ကားက မပြင်ခိုင်းပဲ ဟိုရောက်တော့ အဲ့လိုနှိပ်စက်ပြီးသတ်လိုက်ပြီ။ အပြင်သွားပြီးပြန်လာတော့ သူ့ဟာသူ လှဲသေသွားတာလို့ပြောတယ်(MNDAA)။ အလောင်းကို အင်္ကျီတွေ ကောင်းကောင်းလှန်ကြည့်တော့ တစ်ကိုယ်လုံးကို ရိုက်နှက်ထားတာ အရှေ့မှာရော အနောက်မှာရောရိုက်ခံရတဲ့ ဒဏ်ရာတွေချည်းပဲ” ဟုပြောသည်။

ကိုးကန့်MNDAA တပ်ဖွဲ့က ကာလိုင်ကျေးရွာ စစ်ရှောင်စခန်းတွင်တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ ပြည်သူအချို့ကိုလည်း ဖမ်းဆီးရိုက်နှက်မှုရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“အဲ့မှာမနေပေးဖို့လည်းကျွန်တော်တို့ပြောပြီ။ အဲ့မှာနေတဲ့အတွက်ကြောင့်လည်း သူတို့နေတဲ့ နေရာကို စစ်ကောင်စီတွေလက်နက်ကြီးပစ်လို့ ပြည်သူတွေသေရတယ်။ ပြီးတော့ မိန်းကလေးတွေ ကို ဖျက်ဆီးတာတွေ၊ ဖျားယောင်းသွေးဆောင်တာတွေရောလုပ်တယ်။ ဒါကြောင့်သူတို့ကို အဲ့ကနေ ထွက်သွားပေးဖို့ဆိုပြီး ပြောထားတယ် ဒါပေမဲ့ အခုထိရှိနေတုန်းပဲ။ တောမှာကမနေဘဲ ရွာထဲမှာပဲ လာလာနေတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာတွင် နေထိုင်သည့် စစ်ရှောင်ပြည်သူနှစ်ဦးကို ကိုးကန့် (MNDAA) တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Kachinwave

သင့်ထင်မြင်ချက်ရေးပေးပါ