သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းများကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု ညောင်ပင်ကုန်းအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသည့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးမှာ ဓားဒဏ်ရာနှင့် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ညောင်းပင်ကုန်းကျေးရွာအနီးတွင် နေထိုင်သည့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်စောစောစီးစီးကိုဖြစ်သွားတာ အလောင်းတွေကို ဘယ်ကလာပစ်သွားမှန်းလဲမသိဘူး သတ်ခံရတဲ့ ကောင်လေးတွေကတော့ ငယ်ငယ်လေးတွေ ဖားကန့်မြို့က ဒီပုံစံအတိုင်းတာဆို တော်တော်ကြောက်ဖို့ကောင်းနေပြီ” ဟုသူကပြောသည်။

အသတ်ခံခဲ့ရသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကိုလည်း မသိရှိကြောင်း အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဘယ်ကသတ်လို့သေမှန်းလဲမသိသေးဘူး သေတဲ့သူကဘယ်သူတွေဆိုတာလဲ မသိရသေးဘူး။ လောလောဆယ်တော့ အလောင်းတွေကို ဖားကန့်မြို့နာရေးကူညီရေးအဖွဲ့ကလူတွေ လာသယ်သွားကြပြီ” ဟုသူကပြောသည်။

The 74 Media က ရရှိထားသည့် ပုံများအရ သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ ဦးခေါင်းချိုင့်ဝင်ဒဏ်ရာနှင့် နောက်တစ်ဦးမှာ ဘယ်ဘက်ရင်အုပ်နှင့် လည်ပင်ကြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း သတ်ဖြတ်ခံခဲ့ရသူ ၁၂ ထက်မနည်းရှိခဲ့ပြီး မရှီကထောင် ကြိုးတံတားအနီးတွင်လည်း မေလ ၁ ရက်နေ့နံနက်က ဦးခေါင်းနှင့် ရင်အုပ်တို့တွင် သေနတ်ဒဏ်ရာများအပြင် ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ