စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ ပူးပေါင်းတပ်စခန်းနှစ်ခုကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တောင်ဦးနှင့် တောင်ဘို့လှအမည်ရှိ တပ်စခန်းနှစ်ခုကို ယမန်နေ့ နံနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းသိမ်းလိုက်နိုင်တယ်ဆိုတာ ဟုတ်တယ်။ ၁၀၇ မမနဲ့ ၄၀ မမတွေပါသွားလို့ လေယာဉ်နဲ့ဗုံးကြဲတာ မြင်သာရွာမှာ ဗုံးကြဲသွားတယ်။ အထိအခိုက် မသိရသေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က မြင်သာကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF 124 တပ်ဖွဲ့၏ တာဝန်ခံက The 74 Media ကိုပြောသည်။

“အရင်ရက်တွေကလည်း စစ်ကြောင်းကထိုးဖို့ ပြင်ဆင်နေတာရှိတယ်။ အဲ့တာကြောင့် ကြိုပြီးတော့ လက်ဦးမှုယူထားတာ။ ဒါပေမဲ့အခုက အင်တာနက်ကနေ လေကြောင်းသတိပေးတွေ တောက်လျှောက်မဝင်တဲ့အခါကျတော့ အဲ့တာတော်တော်ဆိုးတယ်” ဟုပြောသည်။

တိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်နေပြီး ထိခိုက်သေဆုံးသူမရှိကြောင်း သိရသည်။

မြင်သာကျေးရွာအနီးတစ်ဝိုက်တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း နောင်ပိုအောင်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“နောင်ပိုအောင်ရွာဘက်လည်း တောက်လျှောက်တက်လာမယ်လို့တော့ ကြားတယ်။ ဒါပေမဲ့လိုင်းဖြတ်ထားတော့ ဘာမှမသိရဘူး။ ဖြစ်နေတာတော့ မနက်ကတည်းကဖြစ်နေတယ်။ ဖြစ်တော့သူတို့ (စစ်ကောင်စီ) လိုင်းဖြတ်သွားတာလေ” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကစပြီး ယနေ့အထိ စစ်ကိုင်းတိုင်း ဟုမ္မလင်းနှင့် ဖောင်းပြင်ထိစပ်နေသည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ထိုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့်လည်း ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ စုရှိပြီး ကျေးလက်‌နေအိမ်ထောင်စု သုံးသောင်းကျော်ရှိသည်။

သတင်း- Yu San

သင့်ထင်မြင်ချက်ရေးပေးပါ