ရွှေကူမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၃၀ ထက်မနည်းကို ယမန်နေ့ညနေ (၆) နာရီခန့်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၁၀) နှင့် ခလရ (၇၇) ပူးပေါင်းစစ်ကြောင်းက ရေလဲကျေးရွာသို့ ဝင်ရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဆင်တပ်ကျေးရွာနှင့် ရေလဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ရွှေကူမြို့ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ပြောသည်။

“သူတို့ဘက်ကရတဲ့သတင်းအရ မိုင်းထိတယ်လို့ကြားတယ်။ ရေလဲရွာကိုအကူးမှာဖြစ်တဲ့အတွက် ရေလဲရွာကို ငြိုးလိုက်တဲ့သဘောပေါ့။ အရင်ကလည်း နာမည်ထွက်ထားတာကို ရေလဲရွာက” ဟုပြောသည်။

ယခုလက်ရှိအချိန် အဆိုပါစစ်ကောင်စီစစ်ကြောင်းက ဆင်တပ်ကျေးရွာ ရွာဦးပိုင်းတွင်တပ်စွဲထားပြီး ဒေသခံများကို ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခွင့်မပြုဘဲ ခြိမ်းခြောက်ထားကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒေသခံတွေက တိမ်းရှောင်နေကြပါတယ်။ ပြန်မလာရင် တစ်ရွာလုံးမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ပြန်ခေါ်ထားတာပါ။ ရေလဲရွာတစ်ရွာတည်း မဟုတ်ဘူး။ သူတို့ဝင်ခဲ့တဲ့ ရွာတွေအကုန်လုံးကိုလည်း ထိုနည်းတူပြောဆိုပြီး ပြန်ခေါ်တာပါ” ဟုပြောသည်။

နေအိမ်များကို မီးရှို့ဖျက်ဆီးစဉ် မီးငြိမ်းသတ်သည့် ဒေသခံရွာသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း ရွှေကူမြို့အရှေ့ဘက်ပိုင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ကျေးရွာပေါင်း ၁၂ ရွာမှ အိမ်ခြေကိုးရာကျော် မီးလောင်ပျက်စီးခဲ့သည်။

ပုံ – ရေလဲရွာနှင့် ဆင်တပ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို ရွှေကူမြို့တစ်ဖက်ကမ်းမှ တွေ့မြင်ရစဉ်

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ