ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ တောင်စာလုံးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် လေးနာရီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်

တောင်စာလုံးကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ကန်မိုက်ရွာ၊ ဘန်းမိုက်ရွာ နှင့် အနောက်တန့်ယန်းဒေသများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် သုံးနာရီကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခေါက်‌ရေ ဘယ်နှစ်ခေါက်၊ ဘယ်နှစ်ခေါက်မှန်းတောင် မမှတ်မိဘူး။ ပေါင်ငါးရာဗုံးနှစ်လုံးလား မသိဘူး။ တခြားအသေးတွေ တော်တော်များတယ်” ဟုပြောသည်။

မြေပြင်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ဖယ်ခုံမြို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု  မြောက်စာလုံးကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ရက်တိုင်းလိုလိုဖြစ်တယ်။ အရမ်းပြင်းထန်တယ်။ လေယာဉ်နဲ့ လာချတယ်။ လက်နက်ကြီးနဲ့လည်းချတယ်။ ခုဏလေးကပဲ နှစ်ချက်၊ သုံးချက်ကြားလိုက်တယ်” ဟုပြောသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တောင်စာလုံးကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပြီး ဒေသခံထိခိုက်မှု မရှိကြောင်း သိရသည်။

တောင်စာလုံးကျေးရွာကို ပြန်လည်စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် မေလဆန်းကစပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီး မေလ ၃ ရက်နေ့တိုက်ပွဲတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၁၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲဘော်စန်းမိုးကျော်နှင့် ရဲဘော်တင်အောင်မျိုး တို့နှစ်ဦးမှာ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုလက်ရှိ ကရင်နီပြည်နယ်တွင် စစ်ရှောင်လူဦးရေ နှစ်သိန်းခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလတစ်လအတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်သည့်အတွက် အရပ်သား ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပုံ – တောင်စာလုံးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဉ်

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ