ဖားကန့်

ဖားကန့်မြို့နယ် မလန်းကျေးရွာနှင့် မှော်စီစာကျေးရွာကြားရှိ ဥရုချောင်းအနီး ယမန်နေ့က ဖမ်းဆီးခံခဲ့ရသည့် မြေစာတင်ကားမောင်းနှင်သူများမှ လေးဦးကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

ကချင်လူမျိုးများကိုသာ အဓိကထား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကချင်လူမျိုးအမျိုးသားလေးဦးကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသည့် မှော်စီစာကျေးရွာနေ ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဖမ်းခေါ်သွားတုန်းကတော့ လက်ပြန်ကြိုးတုပ်၊ မျက်လုံးကို ဖုန်ကာတပ်ပြီးခေါ်သွားတာ ရိုက်နှက်တာမျိုးတော့ မရှိဘူး။ အေးဆေးပဲလွတ်ခဲ့ပြီ မလန်းဘက်ကဖမ်းခဲ့တဲ့ထဲက ကချင်ကောင်လေးတွေကိုတော့ သီးသန့်ခေါ်သွားထားတာ သူတို့ကိုတော့မလွတ်ပေးသေးဘူး” ဟုသူကပြောသည်။

ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူ ၃၀ ဦးထက်မနည်းရှိပြီး နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ညတော့အိပ်ခဲ့ရတာပေါ့ မှတ်ပုံတင်မေးတယ် နေရပ်လိပ်စာ ဘာညာပေါ့။ ခဏခဏမေးတာကတော့ မင်းကင်းသားလားတဲ့ အဲ့မေးခွန်းကိုတော့ ခဏခဏကြားရတယ်။ ဖမ်းခံရတဲ့သူတွေကိုက ဂိုဒေါင်နှစ်ခုမှာ ထားတယ်။ ဘေးဘက်ကဂိုဒေါင်မှာတော့ အသေရိုက်တယ်။ ပြောတာကြားတာတော့ ကချင်ထောက်ပို့တဲ့ ခုလွတ်တဲ့ထဲလည်း သူတို့ပါမလာခဲ့ဘူး” ဟုသူကပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မလန်းကျေးရွာသို့ ဧပြီလ ၂၉ ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူ ၈၀ ခန့်ကို ဖမ်းဆီးသွားပြီး ဆိုင်ကယ်များကိုလည်း သိမ်းယူသွားကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဖားကန့်မြို့နယ်ရှိ ကျေးရွာများအတွင်း ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးမှုများပြုလုပ်နေပြီး The 74 Media က ကောက်ခံထားသော အချက်အလက်များအရ ပြီးခဲ့သည့် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရသူများမှာ အယောက် ၃၀၀ ထက်မနည်းရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ