မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီ လွန်ခဲ့သည့် မေလ ၂ ရက်နေ့က အပြီးအပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒိန်ဆိန်းပါကျေးရွာနှင့် လေးဖာလုံခန့်ဝေးသော ကျိန်းလပ်ပါရှိ မြေရှားသတ္တုတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းများက တူးဖော်ရေးပစ္စည်းကိရိယာများနှင့်အတူ ထွက်ခွာသွားခြင်းဖြစ်ကြောင်း မြေရှားတူးဖော်ရေး ကန့်ကွက်ကော်မတီဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ဒိန်ဆိန်းပါကတော့ အကုန်လုံးပြန်သွားကြပြီ၊ အကုန်လုံး အပြောင်ပဲ သယ်ပြီး ပြန်သွားကြပြီ။ အခုတော့ ဘယ်သူမှ မရှိတော့ဘူး” ဟု သူက ပြောသည်။

မြေရှားတူးဖော်ရေးကုမ္ပဏီထွက်ခွာသွားပြီးနောက် ဒိန်ဆိန်းပါဒေသရှိ ကျေးရွာခုနစ်ရွာမှ ဒေသခံပြည်သူ ရှစ်ရာခန့်ဖြင့် ထိုကုမ္ပဏီဝင်းတွင် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပွဲတစ်ခု ကျင်းပခဲ့သည်။

အဆိုပါ ကုမ္ပဏီနှင့် ချိတ်ဆက်နေသော လနဇွပ်ကျေးရွာရှိ မြေရှားထုတ်လုပ်ရန် ဆောက်လုပ်ထားသည့် ကုမ္ပဏီတစ်ခု ကျန်ရှိနေသေးသောကြောင့် မြေရှားတူးဖော်ရေး လုပ်ကိုင်လာမည်ကို စိုးရိမ်နေကြောင်း အင်ဘာပါဒေသရှိ သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

“အဲ့ဒီမှာက တူးနေတာတော့ မဟုတ်ဘူး၊ ကျိန်းလပ်ပါဘက်က တူးပြီးရတဲ့ဟာတွေကို အဲ့ဒီမှာ ပြန်ချက်ဖို့ လုပ်ထားတဲ့ နေရာလို့ သိရတယ်။ အဲ့ဒီဘက်မှာက စုပြီး နေနေကြသေးတယ်။ အဲ့ဒီကုမ္ပဏီတစ်ခုလည်း တဖြည်းဖြည်း ထွက်ခွာသွားဖို့ မျှော်လင့်တယ်” ဟု သူက ပြောသည်။

ကျိန်းလပ်ပါရှိ မြေရှားတူးဖော်ရေးကုမ္ပဏီသည် ရွှေကားကုမ္ပဏီဖြစ်ပြီး အင်ခေါင်းပါဒေသဘက်သို့ ရွှေ့ပြောင်းသွားကြောင်း ဒေသခံများက ဆိုသည်။

မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသတွင် မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီများက မြေများကို စမ်းသပ်မည်ဟုဆိုကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ဝင်ရောက်လာပြီး ဒေသခံများက ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းကို ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ မိုင်ဂျာယာန်မြို့ရှိ လူထုအစည်းအဝေးတွင် KIO ဥက္ကဋ္ဌက အင်ပါဘာဒေသရှိ မြေရှားတူးဖော်ရေးလုပ်ငန်းများ တရားဝင် ရပ်နားလိုက်ကြောင်း ကြေညာခဲ့သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အင်ခေါင်းပါ စစ်ရှောင်စခန်းအနီး မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ ခြောက်ခုခန့်ရှိပြီ သတ္တုတူးဖော်သည့် လုပ်ကွက် ၁၅ ခုခန့်ရှိကြောင်း လူထုအခြေပြုအဖွဲ့အစည်းများ ပြောကြားချက်အရ သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ