ချောင်းရေခမ်းခြောက်လာသဖြင့် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အပြည့်အဝလည်ပတ်နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

မြို့နယ်နှစ်ခုရှိကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် ၂၄၀၀ ကီလိုဝပ် လိုအပ်သော်လည်း နမ့်ထွမ်ချောင်းရေခမ်းခြောက်လာမှုကြောင့် ၈၀၀ ကီလိုဝပ်သာ ဖြန့်ဖြူးပေးနိုင်သောကြောင့် အလှည့်ကျစနစ်ဖြင့်ပေးရသည်ဟု အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှူးက The 74 Media ကိုပြောသည်။

“ချောင်းအထက်မှာ ရှာကောစိုက်ခင်းတွေ၊ တောင်ယာတွေခုတ်တွေ၊ ရွှေတူးတာတွေများလာလို့  သစ်တောတွေပြုန်းတီးပြီး ရေကြောတွေပျောက်လို့ တစ်နှစ်ထက်နှစ် နည်းနည်းသွားတာ၊ စက်ရုံအတွင်းမှာက ၈၀၀ ကီလိုဝပ်ရှိတဲ့ စက်လေးလုံးတပ်ထားတယ် ချောင်းရေကို သေချာလေ့လာပြီး နွေရာသီရေခမ်းတဲ့အချိန် ၈၀၀ ကီလိုဝပ်စက် တစ်လုံးပဲလည်နိုင်မယ်ဆိုတဲ့ အဖြေပေါ်မှုတည်ပြီး တပ်ထားတာဟုတ်တယ်၊ အခုလည်းအဆင်ပြေရင်ပြေသလိုတော့ ဖြန့်ဖြူးပေးနေပါတယ်” ဟုပြောသည်။

ပူတာအိုမြို့တွင် နမ့်ထွမ်ချောင်းရေကိုသာအသုံးပြုပြီး ရေအားလျှပ်စစ်ထုတ်ပေးနေသော  ဒဘာတုံရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိသော်လည်း ၁၀၀ ကီလိုဝပ် စက်နှစ်လုံးသာတပ်ဆင်ထားသောကြောင့် ဒုတ္ထန်ရပ်ကွက်အတွက်သာ လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်ကြောင်း သူက ဆိုသည်။

အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ခရိုနီဦးတေဇပိုင်သည့် ထူးကုမ္ပဏီများအုပ်စု၏ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သော Htoo Construction Development Group Co., Ltd ကတည်ဆောက်ရေး လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်ကိုလွှဲပြောင်းပေးကြောင်း သိရသည်။

အဆိုပါရေအားလျှပ်စစ်စက်ရုံမှ ပူတာအိုမြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့် မချမ်းဘော့မြို့ပေါ် ၄ ရပ်ကွက်အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၂၃ ရွာသို့ ၂၄ နာရီလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေလျက်ရှိသည်။

ပူတာအိုမြို့၏ အနောက်ဘက်ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင်အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိကာ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီ ၁၄ ဒသမ ၃ သန်းထုတ်လုပ်နိုင်သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ