စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ယနေ့ နံနက်က ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆိုင်းဖရာကျေးရွာနှင့် ကပ်မှော်ဇွပ်ကျေးရွာသို့ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးနေရသည်ဟု ဆိုင်းဖရာကျေးရွာမှဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

စစ်ကြောင်းတွေက တအားများတယ်ဆိုတော့၊ စစ်ကြောင်းတွေအများကြီးပဲ နန့်ယားစခန်းမှာ ရှိထားတယ်ဆိုတော့ ရွာသားတွေက ဟိုအရင်တစ်ခါဖြစ်တဲ့အဖြစ်အပျက်ကြောင့်မို့လေ အားလုံးက တုန်လှုပ်နေကြတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းမှာ ဟိုပင်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၆)နှင့် တပ်မ (၈၈) ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းသွားရာလမ်းတစ်လျောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်းဖရာကျေးရွာမှ အရပ်သားပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သောကြောင့် စိုးရိမ်နေသည်ဟု ဆိုင်းဖရာကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“အရင်ကစစ်ကြောင်းတွေသွားရင်းနဲ့ ဆိုင်းဖရာရွာက ဒေသခံတွေကို လူသားဒိုင်းအဖြစ်ခေါ်သွားတဲ့ အချိန်တွေလည်းရှိတယ် အဲ့လိုတွေလည်း ခေါ်သွားဖူးတယ်” ဟုပြောသည်။

ထိုသို့ အရပ်သားပြည်သူများကို လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားသည့် စစ်ကြောင်းကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မေလတစ်ရက်နေ့ကလည်း ၎င်းစစ်ကြောင်းသည် မိုးကောင်းမြို့၊ မြဒေါင်ကျေးရွာဒေသခံ ၃၀ ဦးထင်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း- Yu San

သင့်ထင်မြင်ချက်ရေးပေးပါ