ကုမ္ပဏီမြေစာသယ်ကားများနှင့် သဲကျောက်သယ်သည့် ကားများကို ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ မလန်းကျေးရွာနှင့် မှော်စီစာကျေးရွာကြား ဥရုချောင်းဖြတ်ကူးသည့်နေရာအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

အင်အား ၃၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် ကားရှစ်စီးထက်မနည်းကို ဖမ်းဆီးထားပြီး ယာဉ်မောင်းများကိုလည်း ဖမ်းဆီးထားသည်ဟု အသက် ၄၅ နှစ်ခန့်အရွယ်ရှိ မှော်စီစာကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်နေ့တွေကလည်း အဲ့ချောင်းကနေပဲဖြတ်နေကြတာ ဘာမှမဖြစ်ဘူး။ ဒီနေ့မှစဖမ်းတာ အခုချိန်ထိဖမ်းနေတုန်း ချောင်းဖြတ်ကူးလာတာနဲ့ကို ဖမ်းတာ။ ဘာကြောင့်ဖမ်းနေလည်းတော့ မသိဘူး” ဟုသူကပြောသည်။

ဖမ်းဆီးခံထားရသည့် ယာဉ်မောင်း ၁၆ ဦးထက်မနည်းကို လက်ပြန်ကြိုးတုတ်ကာ မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ခိုင်းထားသည်ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“သနားစရာလေးတွေ သူတို့ဘာအပြစ်မှရှိတာမဟုတ်ဘူး။ အစုလိုက်အပုံလိုက်ကြီး ကြိုးတုတ်ထားပေးတာ။ စစ်ကြောင်းထိုးလာတာလည်း မဟုတ်ဘူး ကြည့်ရတာ ပိုက်ဆံညစ်ချင်လို့ အခုလိုလုပ်တာဖြစ်နိုင်တယ်။ ပြန်လွတ်ပေးဖို့လည်း ဘာမှမပြောလာသေးဘူး” ဟုသူကပြောသည်။

အဆိုပါ နေရာအနီးတွင် ဧပြီလ ၃၀ ရက်နေ့ကလည်း မလန်းကျေးရွာမှ မှော်စီစာကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို မကြာခဏဖမ်းဆီးစစ်ဆေးမှု၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုများ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ဧပြီလအတွင်း ဖားကန့်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်ပြည်သူ ၃၀၀ ထက်မနည်းရှိပြီး ထက်ဝက်ခန့်မှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

 

သတင်း – SK

ဓာတ်ပုံ – စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မြေစာကားများကို တွေ့ရစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ