နေမကောင်းသောကြောင့် ဆေးစစ်ရာမှ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်နေထိုင်သည့် မိသားစု သုံးဦးတွင် ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စီတာပူရပ်ကွက် ဆိမ်ဆနယ်မြေတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး မေလ ၁ ရက်နေ့က ခေါင်းနှင့် ကိုယ်လက်များကိုက်ခဲနေသောကြောင့် ဆေးစစ်ရာမှ ပိုးတွေ့ရှိခဲ့ပြီး မိဘနှစ်ဦးထံတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးမလေးက ကိုယ်လက်ကိုက်ခဲ၊ ခေါင်းကိုက်တယ်ဆိုပြီး ဆေးခန်းကိုသွားပြတာ၊ စစ်လိုက်တော့ ပိုးတွေ့ရတယ်။ အဖေ၊ အမေနဲ့ သမီး သုံးယောက်ပေါ့ပိုးတွေ့တာ။ သူ့အဖေက ကိုဗစ်ကာကွယ်ဆေးမထိုးထားဘူး။ အမေက ဆေးနှစ်ခါထိုးထားတယ် သမီးလည်း ထိုးထားတယ်” ဟုခေါ်သည်။

ပိုးတွေ့ရှိခဲ့သူများမှာ ခရီးသွားရာဇဝင်မရှိဘဲ နေအိမ်တွင် ဈေးဆိုင်ဖွင့်လှစ်ထားသူများဖြစ်ပြီး အခြားအိမ်သားများကို ဆေးစစ်ရာတွင် ပိုးမတွေ့ရှိကြောင်း သူကဆက်ပြောသည်။

“ဈေးရောင်းရင်းနဲ့ ကူးလာတာဖြစ်နိုင်တယ်။ လူနာအခြေအနေကတော့ ခေါင်းကိုက် ကိုယ်ပူတာလောက်ပဲရှိတယ်။ တခြားကြီးကြီးမားမားတော့မခံစားရဘူးတဲ့၊ အိမ်မှာဘဲထားထားတာ။ သူတို့ကအိမ်ငှားစားတယ်။ သူတို့အိမ်က ဆယ်ယောက်လောက်ကိုလည်းဆေးစစ်ပြီမတွေ့ဘူး” ဟုပြောသည်။

လက်ရှိပိုးတွေ့လူနာများကို နေအိမ်ကွာရန်တင်းအဖြစ်ထားရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ကိုဗစ်ပိုးတွေ့လူနား သုံးယောက်ကို စတင်တွေ့ရှိသည်မှာ မှန်ကန်ပြီး ပြည်သူ့ဆေးရုံတွင်လည်း သီးသန့်လူနာဆောင်များ ပြင်ဆင်နေပြီဖြစ်ကြောင်း ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၁၉ ဦးတွေ့ရှိရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ