ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်တွင် ပြန်လည်နေထိုင်ကြသော မလိဆွတ်ယန်ကျေးရွာ ဒေသခံပြည်သူများ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူညီများလိုအပ်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဆင်မ်ဆရပ်တွင် စစ်ရှောင်နေကြသော မလိဆွတ်ယန်ကျေးရွာ ဒေသခံပြည်သူ ၃၀၀ ခန့် ဧပြီလ ၂၄ ရက်နေ့က နေရပ်ပြန်ကြပြီး ဆေးပေးခန်း၊ ကျောင်းနှင့် သောက်သုံးရေ ရရှိရန် အကူညီများလိုအပ်နေကြောင်း မလိဆွတ်ယန်ကျေးရွာ၏ သင်းထောက်တစ်ဦးက The 74 Media ကို ပြောသည်။

“အိမ်တွေလည်း မရှိတော့ဘူး၊ အရင်တုန်းက အိမ်တွေလည်း အကုန်ပျက်စီးသွားပြီ။ စစ်မရှောင်ခင်တော့ World Concernတွေ ဦးဆောင်ပြီး ရွာထိပ်ချောင်းက ရေကို ပိုက်နဲ့သွယ်ပြီး လုပ်မလို့ပဲ၊ ရေကန်တွေလည်း လုပ်ထားတယ် အခုတော့ အဲ့ဒါတွေ အကုန်လုံး ပျက်စီးကုန်ပြီ၊ ရေပိုက်တွေလည်း အကုန်ပျောက်ကုန်ပြီ။ ကျောင်းနဲ့ ဆေးပေးခန်းတွေလည်း ပျက်စီးသွားပြီ၊ ရုန်းကန်ပြီး ပြန်တည်ဆောက်ရမယ့် အရာတွေတော့ အများကြီးပဲ” ဟု သူက ပြောသည်။

နေရပ်ပြန်သော ဒေသခံများသည် ရွာနှင့် လေးဖာလုံခန့် ကွာဝေးသော ချောင်းရေကို ဆိုင်ကယ်၊ နွားလှည်းဖြင့် ခပ်ယူသောက်သုံးကြကာ နေအိမ်မရှိသူများမှာ ခိုလှုံ၍ရသော နေအိမ်သုံးအိမ်ခန့်တွင် မိမိပစ္စည်းများ အပ်နှံထားပြီး နီးစပ်ရာ တောင်ယာနှင့် လယ်ကွင်းက တဲအိမ်များတွင် သွားရောက်ခိုလှုံနေကြကြောင်း သူက ပြောသည်။

စစ်ရှောင်စခန်းတွင် ဆယ်စုနှစ်တစ်ခုစာ ကူညီထောက်ပံ့မှုများဖြင့် နေထိုင်နေစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးသာမက ကဏ္ဌပေါင်းစုံဖွံ့ဖြိုးမှုများ နှောင့်နှေးလာသောကြောင့် ဒေသခံများ သဘောတူညီချက်ဖြင့် နေရပ်သို့ ပြန်လည်နေထိုင်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ရပ်ရွာလေးက ငြိမ်းချမ်းမှုဆိုတာ ဘယ်တော့အခါမှ ရမလဲဆိုတာ မသိဘူး။ ကဏ္ဌပေါင်းစုံမှာ နောက်ကျလာတယ်။ ကိုယ့်ဒေသက မြေယာတွေကို မြို့က ပိုက်ဆံရှိတဲ့သူတွေပဲ ဝယ်ယူ ပိုင်ဆိုင်ထားကြတာ၊ ဒေသခံတွေက စစ်ရှောင်မှာပဲနေပြီး မြေယာတွေလည်း တဖြည်းဖြည်းကုန်လာပြီ။ သူများတွေ ကျွေးတာပဲ စားပြီး စစ်ရှောင်စခန်းမှာပဲနေမယ်ဆိုရင် ရပ်ရွာဘက်မှာ တဆုတ်ဆုတ် နောက်ကျလာတာဆိုတော့၊ ကိုယ့်ဒေသမှာ ကိုယ်တိုင်စောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုပြီး ပြန်ကြတာ” ဟု သူက ဆက်ပြောသည်။

နေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က တစ်အိမ်ထောင်လျှင် ငါးသိန်းကျပ်၊ စီတာပူနှစ်ခြင်းအသင်းတော်က ဆန်တစ်အိတ်၊ ဆီ၊ဆား၊ ကြက်သွန် (နီ၊ဖြူ) တစ်ပိဿာစီ ကူညီပေးခြင်း၊ ကားဆယ်စီးဖြင့် နေရပ်သို့ ပို့ဆောင်ပေးပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ခြောက်လစာ အစားအသောက် ထောက်ပံ့မှု ရရှိရန် ဒေသခံများ လျှောက်ထားပြီး မရရှိသေးကြောင်း သိရသည်။

ထိုကျေးရွာအနီးတွင် ကေအိုင်အေ တပ်ရင်း (၁၁) က တပ်စွဲထားသောကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သော်လည်း ရပ်ရွာပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာဌာနများသို့ အကူညီတောင်းခံခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မလိဆွတ်ယန်ကျေးရွာ၏ ရွာလူကြီးတစ်ဦးက ပြောသည်။

“အခုလောလောဆယ်တော့ KBC က ကူညီပေးတဲ့ ငွေနဲ့ မိုးကာဝယ်ပြီး တဲဆောက်ပြီး အရင်နေကြဖို့ စီစဉ်ထားတယ်။ လိုအပ်တာတွေ ဝယ်ပြီး တခြား NGOs က အကူညီတွေ ပြန်ရရင်တော့ တစ်ဆင့်တစ်ဆင့် လုပ်သွားဖို့ ရှိတယ်။ ကိုယ့်အိမ်ခြံဝင်း ကိုယ်ရှင်းဖို့ ပြောထားတာ၊ အခုထိ မရှင်းနိုင်သေးဘူးဆိုတော့ ဆလန်ကဘာတွေဆီ အကူညီတောင်းပြီး ကိုယ့်ဘက်ကလည်း တတ်နိုင်သလောက် ထုတ်ပြီး ခြံဝင်းရှင်းတာတွေ လုပ်မှာ ဖြစ်တယ်” ဟု သူက‌ ပြောသည်။

 

မလိဆွတ်ယန်ကျေးရွာတွင် အိမ်ထောင်စု ၈၀ ကျော်ရှိပြီး နေရပ်ပြန် အိမ်ထောင်စု လေးဆယ်ကျော်နှင့် ဂျန်မိုင်ကောင်စစ်ရှောင်စခန်း၊ ပလနစစ်ရှောင်စခန်းတွင် နေထိုင်သည့် အိမ်ထောင်စု လေးဆယ်ခန့် ရှိကြောင်း သူက ပြောသည်။

နေရပ်ဒေသတွင် ပြန်လည်နေထိုင်ရန် အခက်အခဲများစွာရှိသော်လည်း မိမိဒေသတွင် ပြန်လည်နေထိုင်ခွင့်ရသောကြောင့် အလွန်ဝမ်းသာ ဝမ်းမြောက်ကြောင်း မလိဆွတ်ယန်ကျေးရွာ၏ အထက်ပါ သင်းထောက်တစ်ဦးက ပြောသည်။

“ကိုယ့်ရပ်ရွာကို ပြန်လာရတဲ့အတွက် အရမ်းဝမ်းသာတယ်၊ အခုလို ဘယ်လောက်ပဲ ခက်ခဲနေပါစေပေါ့၊ သူများတွေ ခိုလှိုခွင့် ပေးတဲ့နေရာမှာပဲ နေရတဲ့အတွက် စိတ်အားငယ်တာတွေ ရှိခဲ့တယ်၊ ဒီနေ့တော့ ကိုယ့်ဒေသကိုယ်ပြန်ရောက်ပြီဆိုတော့ စိတ်က ကြည်လင်ပြီးတော့ လွတ်လပ်သွားတယ်၊ ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ်တိုင် လွတ်လွတ်လပ်လပ် ချမှတ်နိုင်ပြီဆိုတော့ စိတ်တွေ ကြည်ပြီး အရမ်းလည်း ဝမ်းသာပါတယ်” လို့ သူက ပြောသည်။

ယခင်က မလိဆွတ်ယန်ကျေးရွာတွင် ကချင်အမျိုးသားလွတ်မြောက်ရေးအစိုးရ (KIO) က ဖွင့်လှစ်ထားသော အခြေခံမူလတန်းကျောင်းနှင့် ဆေးပေးခန်းတွင် ဝန်ထမ်းများ ခန့်အပ်ခြင်း၊ လစာပေးခြင်း ဆောင်ရွက်ခဲ့ကြပြီး ယခုပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ဆွေးနွေးတင်ပြသွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မလိဆွတ်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကေအိုင်အေတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများက မြစ်ကြီးနားမြို့နှင့် နီးစပ်ရာဒေသများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

မလိဆွတ်ယန်ကျေးရွာသည် မြစ်ကြီးနားမြို့၊ အကြဲကျေးရွာနှင့် ရှစ်မိုင်ခန့် ကွာဝေးပြီး ဖရောကျေးရွာအထက်ရှိ ရွာလေးတစ်ရွာ ဖြစ်သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ