သီလရှင်ဝတ်နေချိန် ပျောက်ဆုံးသွားသော ဗန်းမော်မြို့မှ မိန်းကလေးတစ်ဦးကို နှစ်ပတ်ကြာအထိ ပြန်မတွေ့ သေးကြောင်း သိရသည်။

တိမ်းဖာတောင်ရိပ်သာတွင် သီလရှင်ဝတ်နေချိန် ဧပြီလ ၂၁ နေ့ အာရုဏ်ဆွမ်းစားပြီးချိန်နောက်ပိုင်း ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက The 74 Media ကိုပြောသည်။

“ကျွန်မရိပ်သာမဝင်ဖူးလို့ တန်ခူးလ ရိပ်သာဝင်တဲ့အခါကျတော့ သူလည်းလိုက်ချင်တယ်လို့ပြောတာ အဲ့တာနဲ့ခေါ်သွားတာ။ ရိပ်သာဝင်ပြီး ၂၅ ရက်လောက်အကြာမှာပျောက်သွားတာ လိုက်ရှာတာမတွေ့ဘူး။ သူနဲ့ကြိုက်တယ်ဆိုတဲ့ ကောင်လေးတွေဆီလိုက်ရှာတာ သူတို့နဲ့မပါခဲ့ဘူး အခုထိဘယ်လိုမှ စုံစမ်းလို့မရဘူး” ဟုပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၁၆ နှစ်ခန့်အရွယ်ရှိ မခင်မျိုးချစ်ဆိုသူဖြစ်ပြီး ပျောက်ဆုံးချိန်တွင်သီလရှင် ဝတ်စုံ ဝတ်ဆင်ထားကာ ရှပ်အင်္ကျီအမဲရောင်အကွက်ကို အပေါ်ဖုံးအနေဖြင့် ဝတ်ဆင်ထားခဲ့ကြောင်း သိရသည်။

အပေါင်းအသင်းများနှင့် နီးစပ်သူများထံ မိသားစုဝင်များကလိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသောကြောင့် သက်ဆိုင်ရာသို့လူပျောက်တိုင်ကြားထားပြီးတွေ့ရှိပါက မိသားစုဝင်များ၏ ဖုန်းနံပါတ် ၀၉၂၆၆၄၅၀၈၇၃ နှင့် ၀၉၄၅၆၀၃၁၄၇၇ သို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဗန်းမော်မြို့၊ စင့်ကင်ကျေးရွာမှ အသက် ၁၃ နှစ်ခန့်အရွယ်ရှိ မောင်ရဲရင့်ထွန်းဆိုသူလည်း ဆိုင်ကယ်ကယ်ရီလိုက်ပို့ရာမှ ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ