ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များနှင့် ဆက်စပ်မှုရှိသည်ဟူသောစွပ်စွဲကာ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မကြာခဏမီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

စစ်ကောင်စီသတင်းပေးဟုဆိုသူက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာနှင့် တုံ့တော်ကျေးရွာရှိနေအိမ်များကို PDF နှင့် ဆက်နွယ်နေသည့် နေအိမ်များဟု တိုင်ကြားသည့်အတွက် စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု Indaw Revolution- IR ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒလန်(စစ်ကောင်စီသတင်းပေး) က အကုန်ပတ်တိုင်နေတာ။ ဒါကထောက်ပို့အိမ်၊ ဒါကပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) အိမ်၊ ဒါက PDF အိမ်ဆိုပြီး ဒလန်က အကုန်လိုက်ပြပြီး တိုင်နေတာပါ” ဟုပြောသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် အောင်းကုန်းကျေးရွာရှိ နေအိမ် ၁၇ လုံးနှင့်တုံ့တော်ကျေးရွာမှ နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

PDF နှင့် ဆက်စပ်မှုရှိသည့်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကိုဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် အောင်းကုန်းကျေးရွာအနီးတစ်ဝိုက်ရှိ နန့်သာရွာ၊ တာပေါရွာ၊ မော်တိတ်ရွာ၊ တုံ့တော်ရွာနှင့် အင်ပင်ကျေးရွာတို့မှ ဒေသခံပြည်သူအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု နတ်မဟုတ်ကြီးဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“အနည်းငယ်လောက်တော့ကျန်တယ်။ အကုန်လုံးနီးပါးတော့ ရှောင်နေကြရတာပါပဲ။ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာရယ်၊ မထင်ရင် မထင်သလို PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေရယ်ကြောင့်ပါ” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံများကို ကျေးရွာတွင်ပြန်လည်နေထိုင်ရန် စစ်ကောင်စီတပ်က ဖိအားပေးခြိမ်းခြောက်ခြင်းများလည်းရှိကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်က ယင်းကျေးရွာများတွင်နေထိုင်သည့် ဒေသခံအမျိုးသမီးများကို အဓမ္မပြုကျင့်သည့် ဖြစ်ရပ်များရှိသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးသည့်အတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့က ယခုလက်ရှိ နန့်သာကျေးရွာတွင် တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ နန့်သာကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းများ မကြာခဏလုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က နန့်သာကျေးရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အင်တော်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မော်တိတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးပြီး ကချင်လွတ်မြောက်ရေးတပ် ( KIA ) တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၀ စုရှိပြီး ကျေးလက်နေအိမ်ထောင်စု ၁၉၀၀ ကျော်ရှိကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ