ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု မလိခကျေးရွာတွင် သူငယ်ချင်းနှစ်ဦး အချင်းများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားကာ  အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သူငယ်ချင်းနှစ်ဦး နာရေးအိမ်တွင် အရက်သောက်စားပြီး စကားများရန်ဖြစ်ရာမှ ယမန်နံနက် ၅ နာရီခန့်တွင် သူငယ်ချင်းဖြစ်သူနေအိမ်သို့ ဓားဖြင့်လာခုတ်သည့် အမျိုးသားအခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့သည်ဟု အသက် ၅၀ အရွယ် မျက်မြင်သက်သေ မလိခဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“သူငယ်ချင်းအချင်းချင်းရန်ဖြစ်တာ၊ သူတို့ကကျောင်းနေဘက်တွေပါဘဲ၊ စကားနိုင်လုရင်းနှင့် အရက်လည်း နည်းနည်းသောက်စားထားတော့ သည်းခံနိုင်တဲ့အဆင့်ကျော်သွားတာနေမှာ။ နောက်မနက်တော့ ညက မကျေနပ်ချက်တွေကို သွားဖြေရှင်းတာပေါ့။ ဓားကိုင်ပြီး သူငယ်ချင်းအိမ်ကိုပြန်သွားတာ အဲလိုဖြစ်သွားတာ” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဦးစိုးပေဆိုသူက ဓားဖြင့်ရောက်ရှိလာပြီး ဦးအာကာမင်းအောင်ဆိုသူကို ခုတ်ရာ ဘယ်ဘက်လက် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိသူက ပြန်ခုတ်ချိန် လည်ပင်းတွင် ခုတ်မိသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“သူခုတ်ကိုယ်ခုတ်နဲ့ ဖြစ်သွားတာ၊ ဓားနဲ့လာတော့ လက်နဲ့ကာလိုက်တဲ့သဘောဟုတ်တယ်။ အဲ့မှာ လက်ပြတ်သွားပြီ။ သူ့ဓားနဲ့သူ့ကိုဓားလုပြီး ပြန်ခုတ်လိုက်တာ အဲ့မှာ ပွဲချင်းပြီးသေသွားတာ” ဟုပြောသည်။

လက်တွက် ပြတ်ရှဒဏ်ရာရရှိခဲ့သူမှာ လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သေဆုံးသူမိသားစုမှာလည်း ဦးအာကာမင်းအောင်ကို မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက် ဧရာဝတီမြစ်ကမ်းနံဘေးတွင်လည်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က အမျိုးသားတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – DOI AWNG

သင့်ထင်မြင်ချက်ရေးပေးပါ