စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရှိ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းတို့ကို စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၆၈)နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကမီးရှို့သဖြင့် ငါးရာနဲကျေးရွာမှ ဗလီတစ်လုံးနှင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု မြေပြင်ထောက်လှမ်းရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းက သရက်ခေါင်းကျေးရွာကို ဝင်တယ်။ ဝင်ပြီးတော့မှ ငါးရာနဲကျေးရွာကို မီးရှို့လိုက်တယ်။ အများစုကကျတော့ မူစလင်တွေရဲ့ အိမ်တွေပါသွားတာ။ မွတ်စလင်ရပ်ကွက်ပေါ့” ဟုပြောသည်။

အင်အားတစ်ရာကျော်ခန့်ပါရှိသည့် အဆိုပါစစ်ကြောင်းက ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ကလည်း သရက်ခေါင်းကျေးရွာရှိ အလယ်တန်းကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။

“သူတို့ရှို့တာ စာသင်ကျောင်းကိုရှို့တာ။ ရွာကိုမရှို့ဘူး။ ကျောင်းထဲမှာဆောက်ထားတဲ့ ဆရာမတွေနေဖို့ အိမ်တစ်လုံးရယ်၊ စာသင်ကျောင်းရယ်။ အဲ့တာတွေကိုရှို့သွားတာ” ဟုပြောသည်။

ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့်ဧပြီ ၂၀ ရက်မှစပြီး ယနေ့ထိ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ရေးလှုပ်ရှားနေသည့်အတွက် ကျေးရွာဆယ်ရွာကျော်မှ ဒေသခံပြည်သူတစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းများမှာ မြေမွန်ရွာ၊ လေးတွင်းစဉ်ရွာ၊ ချောင်းသာရွာ၊ တရော်ကိုင်းရွာ၊ သရက်ခေါင်းရွာနှင့် ငါးရာနဲကျေးရွာတို့ကို မီးရှို့ခဲ့သည့်အတွက် ဆေးခန်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံအပါအဝင် လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီလ ၂၈ ရက်နေ့ကလည်း တပ်မ ၈၈ စစ်ကောင်စီစစ်ကြောင်းက မြေမွန်ကျေးရွာမှ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုနေလှိုင်ထွန်းကို ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပုံ- ဒေသကာကွယ်ရေးတပ်များမှ သရက်ခေါင်းကျေးရွာစာသင်ကျောင်းကို ဝိုင်းဝန်းမီးငြိမ်းသတ်နေပုံ

သတင်း- Yu San

ဓာတ်ပုံ- Kanbalu Underground Warriors

 

သင့်ထင်မြင်ချက်ရေးပေးပါ