သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် မရှီကထောင်ကြိုးတံတားအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများအပြင် ခန္တာကိုယ်တွင် ရိုက်နက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ရပ်ကွက်နေ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

“မသေခင် တော်တော်နှိပ်စက်ထားခံရတယ်နေမှာ သနားပါတယ်။ အခုမှ အရွယ်ကောင်းပဲရှိသေးတယ်။ ကြည့်တောင်မကြည့်ရဲဘူး လက်တွေမှာကော ညိုမဲနေရောပဲ ရိုက်ထားပေးတာနေမှာ သူဘာပဲလုပ်လုပ်ပါ အဲ့လောက်ထိတော့ မလုပ်ပေးသင့်ဘူး” ဟုသူကပြောသည်။

သေဆုံးသူနှင့် ပတ်သက်သည့် အချက်အလက် မသိရှိကြောင်းနှင့် ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက လာရောက်သယ်ယူသွားပြီဖြစ်ကြောင်း ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

“အစကမသိဘူး အဲ့ဒီတံတားနားမှာ အမှိုက်ပုံးတွေနဲ့ ဝိုင်းထားတာ ဘာလုပ်ထားတာလဲပေါ့။ လူတွေလည်း ဝိုင်းကြည့်နေကြတယ်ဆိုတော့လေ သွားကြည့်လိုက်မှ အသတ်ခံထားရတာ ဘယ်သူတွေသတ်သွားလည်း မသိဘူး။ အသတ်ခံရတဲ့သူက ဘယ်ကလည်း မသိရသေးဘူး” ဟုသူကပြောသည်။

The 74 Media က ရရှိထားသော ဓါတ်ပုံများအရ သေဆုံးသူမှာ ဘယ်မျက်ခုံးအထက်တွင် ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်မောင်းတွင်လည်း အသားပဲ့ထားသော ဒဏ်ရာများအပြင် ညာမျက်လုံးနှင့် လက်ဖျံတို့တွင်လည်း အညိုအမဲစွဲနေသော ဒဏ်ရာများရရှိထားသည်ကို တွေ့ရသည်။

ကုဋေမှော်ကျေးရွာတွင်လည်း ဧပြီလ ၂၉ ရက်နေ့က ဖျာလိုက်လံရောင်းချသည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး နားထင်တွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် ဧပြီ ၂၄ ရက်နေ့ကလည်း KPDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ အသတ်ခံခဲ့ရကြောင်းသိရသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ