ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းချခံထားရသူများမှ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာသူများတွင် ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ ရှစ်ဦးသာ ပါဝင်ကြောင်း သိရသည်။

 

ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က လွတ်ငြိမ်းခွင့်ပေးရာတွင် မိုးညှင်းအကျဉ်းထောင်က ငါးဦး ပါဝင်သည်ဟု သတင်းရင်းမြစ်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

 

“မိုးကောင်းက နှစ်ယောက်ပဲ။ သူတို့နှစ်ယောက်က ၅၀၅ (က) နဲ့ဆိုတော့လေ။ နောက်ပြီးတော့ မိုးညှင်းကနှစ်ယောက် ကောင်မလေးတစ်ယောက်က ဟိုပင်ကဆိုလား” ဟုပြောသည်။

 

လွတ်မြောက်လာသူများတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး မထင်မှတ်ထားဘဲ ရုတ်တရက် လွတ်မြောက်လာသည့်အတွက် အံ့ဩဝမ်းသာဖြစ်ရသည်ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

 

“နှစ်မိနစ်လောက်ကို ရပ်ပြီးတော့ ကြက်သေသေသွားတာ။ ဘာပြောလို့ပြောရမှန်းတောင် မသိဘူး” ဟုပြောသည်။

 

မိုးညှင်းမြိုမှ ကိုအောင်မျိုးထွန်းနှင့် ကိုအောင်မျိုးထက်၊ ဟိုပင်မြိုမှ ဒေါ်တင်မမစိုး၊ မိုးကောင်းမြို့မှ ကိုမင်းသန့်နိုင်နှင့် ကိုဟိန်းသာအောင်ဆိုသူတို့ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဗန်းမော်အကျဉ်းထောင်မှ အကျဉ်းကျနေသူသုံးဦး လွတ်မြောက်ခဲ့ကြောင်း သိရပြီး မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်းနှင့် ပူတာအိုအကျဉ်းထောင်မှ လွတ်မြောက်လာသူ ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

 

စစ်ကောင်စီက ယနေ့ကဆုန်လပြည့်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံရှိ အကျဉ််းထောင်များမှ အကျဉ်းသား ၂၁၅၃ ဦးကို ခံဝန်ဖြင့် လွတ်ပေးခဲ့ပြီး သေဒဏ်ချမှတ်ထားသည့် အကျဉ်းသား ၃၈ ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံစေရန် လျှော့ပေါ့ပေးခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း လွတ်ငြိမ်းချမ်းသာဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၃၀၁၅ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ စစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး ယခုနှစ်မေလ ၂ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၂၂၀၀၀ ခန့်မှ ၁၈၀၀၀ ခန့်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ငါးထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

 

သတင်း- Yu San

ဓာတ်ပုံ- The 74 Media (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ