နွေရာသီကာလ အပူချိန်မြင့်မားလာပြီး ရေတွင်း၊ ရေကန်များ ခမ်းခြောက်လာသဖြင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ပိုင်းရှိ စစ်ရှောင်ပြည်သူများ သောက်သုံးရေရရှိရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

ခင်ဦးမြို့နယ်သည် ယခင်ကတည်းက နွေရာသီတွင် ရေရရှိရန်ခက်ခဲသည့်ဒေသဖြစ်သည့်အပြင် စစ်ရှောင်လူဦးရေ ပိုမိုများပြားလာသည့်အတွက် သောက်သုံးရေအလှူရှင်များ လိုအပ်နေခြင်းဖြစ်သည်ဟု Khin U Special Force Organization (KSO) အဖွဲ့၏ တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“နယ်အသီးသီးက စစ်ဘေးရှောင်တွေက စစ်ကြောင်းထိုးတာလွတ်တဲ့နေရာလေးမှာ စစ်ရှောင်ရတာကိုး။ လူဦးရေကထူထပ်လာပြီးတော့ ရေမလုံလောက်တဲ့ အခက်အခဲလေးတွေကို တွေ့ကြတာပေါ့။ အဲ့အချိန်မှာ ကျွန်တော်တို့ ရေကုသိုလ်ရှင်တွေဖိတ်ခေါ်ရတာပေါ့” ဟုပြောသည်။

စစ်ရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန် စစ်ရှောင်ကျေးရွာများ၏ ရွာထိပ်များရှိ ချောင်းများ၊ ရေကန်များမှ ဆိုင်ကယ်၊ နွားလှည်း၊ စက်ဘီးများဖြင့် သွားရောက်သယ်ဆောင်ရကြောင်း သူကဆက်ပြောသည်။

“ရေစည်လှည်းရှိတဲ့ ရေစည်နဲ့သွားပြီး နွားလှည်းနဲ့တိုက်ရတယ်ပေါ့။ တချို့ကျတော့လည်း ငါးဂါလံဆံ့တဲ့ ပုံးဝါတွေနဲ့ ဆိုင်ကယ်နဲ့သော်လည်းကောင်း၊ စက်ဘီးနဲ့သော်လည်းကောင်း ရှေ့မှာကတစ်ပုံးတင်၊ နောက်မှာက သုံးလေးပုံးလောက်ရှိတယ်။ အဲ့လိုနဲ့သယ်နေရတာ” ဟုပြောသည်။

စစ်ရှောင်ပြည်သူများ အားထားအသုံးပြုနေရသည့် ရေကန်နှင့် ချောင်းများတိမ်ကောလာသဖြင့် စစ်ရှောင်သုံးထောင်ကျော်အတွက် ရေရရှိရန်မှာ ပိုမိုခက်ခဲလာကြောင်း ဒေသခံများထံက သိရသည်။

ရေငတ်သည့်အတွက် ကျွဲ၊ နွားသေဆုံးမှုများလည်းရှိနေပြီး ရာသီဥတုပူပြင်းမှု၊ အစာအာဟာရပြတ်လပ်မှုနှင့် သောက်သုံးရေရှားပါးမှုကြောင့် စစ်ရှောင်သက်ကြီးရွယ်အို နှစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းများကလည်း ကျေးရွာများအတွင်း ဝင်ရောက်ချိန် ဒေသခံများအသုံးပြုသည့် ရေဘုံဘိုင်များ၊ စက်ရေတွင်းများကို ဖျက်ဆီးခဲ့သည့်အတွက် ရေရှိရန်မှာ ပိုမိုခက်ခဲသွားကြောင်း သူကဆက်ပြောသည်။

“ရေတွင်းတွေ ဘုံဘိုင်တွင်းတို့ လက်နှိပ်တွင်းတို့ဆိုတော့ မီးလောင်တဲ့အထဲ ပါသွားကုန်တော့ လောလောဆယ် နယ်မြေရှင်းလင်းရေးလုပ်တော့ ရေသောက်စရာတောင် မရှိဘူးပေါ့ အခက်အခဲတွေ့ရတယ်။ မီးလောင်ဆုံးရှုံးလို့ ပျက်စီးသွားတာတွေလည်းရှိတယ်။ ပြီးတော့ စက်ရေတွင်းတွေကို သေနတ်နဲ့ပစ်ဖောက်လို့ ပျက်စီးသွားတာတွေလည်းရှိတယ်” ဟုပြောသည်။

စစ်ရှောင်လူဦးရေများပြားသည့် ခင်ဦးမြို့နယ်အရှေ့ပိုင်းတွင် စက်ရေတွင်းတစ်တွင်းတူးရန် ကုန်ကျငွေသည် ငွေကျပ်သိန်း ၃၀ နှင့် ၄၀ ကြားတွင်ရှိပြီး ယင်းနေရာတွင် စက်ရေတွင်းတူးဖော်နိုင်မှသာ ရေရရှိနိုင်ကြောင်း  ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

“အရှေ့ဘက်ခြမ်းက တခြားပုံစံနဲ့မရဘူး။ အဲ့ပုံစံ (စက်ရေတွင်း) မျိုးပဲရမယ်။ ဘာလို့ဆို ရေကအောက်ထဲထိ တူးမှရမှာ။ အနည်းဆုံး ပေသုံးရာကနေ ငါးရာလောက်ထိ တူးရတယ်။ ရေရဖို့ကို” ဟုပြောသည်။

စစ်ရှောင်ပြည်သူများ ကြုံတွေ့နေရသည့် ရေအခက်အခဲပြဿနာနှင့် စားနပ်ရိက္ခာအခက်အခဲများအတွက် ကူညီလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး Page သို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ဧပြီလ တတိယအပတ်နှင့် စတုတ္တပတ်များတွင် ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် အောင်သာရွာ၊ တပင်ကောင်းရွာ၊ ကံကြီးကုန်းရွာ၊ မြို့သစ်ရွာနှင့် အလယ်သျှိုကျေးရွာမှ အိမ်ခြေလေးရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စစ်ရှောင်လူဦးရေ သုံးထောင်ကျော်သည် ခင်ဦးမြို့နယ်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု ၅၉ စုရှိပြီး ကျေးလက်နေအိမ်ထောင်စု သုံးသောင်းကျော်ရှိသည်။

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ