ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူပေါင်းတပ်ဖွဲ့တို့ကြား သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ – ၁၀)၊ မြောက်စလုံးကျေးရွာတွင် တပ်စွဲထား‌သော စစ်ကောင်စီတပ်တို့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များက သုံးရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ KNDF နဲ့ ပူးပေါင်းတပ်တွေက ဝင်ပြီးမှ ‌ချေမှုန်းရေးလုပ်တာပေါ့နော်။ ချေမှုန်းရေးလုပ်တော့ စစ်ကောင်စီတပ်က အထိနာပြီးတော့ ထွက်ခွာကြတာပေါ့နော့်။ ကြားထဲမှာ တိုက်ပွဲဆိုတာနဲ့ နည်းနည်းလေး ထိတွေ့မှုတွေလည်းရှိခဲ့တယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲ‌ဘော်တစ်ဦးမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၁ ၏ ရဲဘော် ဒါးဝီဖြစ်ကြောင်းသိရသည်။

အဆိုပါ သုံးရက်တာ တိုက်ပွဲအတွင်း MA – 1 သေနတ် ခုနှစ်လက်၊ MA – 2 သေနတ် ခုနှစ်လက်၊ MA – 3 သေနတ် လေးလက်၊ MA – 4 နှစ်လက်၊ MG – 3 တစ်လက်၊ RPG နှစ်လက်၊ ၆၀ မမ သုံးလက်၊ ဆက်သွယ်ရေးစက် နှစ်လုံးနှင့် အခြားခဲယမ်း အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁၊ တပ်ရင်း ၂၂၊ တပ်ရင်း ၃ ၊ KNDF ဗျူဟာ (၅)၊ KNDF UAV၊ PNDF – KK၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ၂၊ ကရင်နီတပ်ပေါင်းစု၊ KGZ၊ KRU နှင့် URF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် လေးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်စလုံးကျေးရွာနှင့် လယ်ခြားကျေးရွာမှ တပ်ဆုတ်သွားသော စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံ ပြည်သူ လေးဦးကို လက်နောက်ပြန်ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ‌ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ