စစ်ကောင်စီတပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်ပြည်သူ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ -၃၆၁)နှင့် တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်း စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ ချောင်းသာကျေးရွာနှင့် စကျင်ကျေးရွာမှစစ်ရှောင်ပြည်သူများကို ယမန်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တောတိုက်(စစ်ရှောင်တဲ)က ဟာတွေများတယ်။ လေးတွင်းစင်ရွာက လူတွေလည်းရှိတယ်။ ပြန်လွတ်ပေးတယ်။ ချောင်းရှည်ရွာက ဖမ်းတဲ့သူလည်း ပြန်လွတ်ပေးတယ်။ လွတ်တဲ့သူကို လွတ်တယ်။ မလွတ်တဲ့သူကို မလွတ်သေးဘူး။ ကျန်သေးတယ်” ဟုပြောသည်။

ချောင်းသာကျေးရွာမှ ဒေသခံသုံးဦးနှင့် စကျင်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူဆယ်ဦးကျော်ကို ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ရှောင်ပြည်သူများရှိသည့်နေရာများသို့ ဦးတည်စစ်ကြောင်းထိုးနေသည်ဟု ယူဆရကြောင်း မြေပြင်ထောက်လှမ်းရေး တာဝန်ခံတစ်ဦးက ပြောသည်။

“ဒေသခံတွေရှောင်နေတဲ့ နေရာကိုမှ စစ်ကြောင်းက လိုက်သလိုဖြစ်နေတော့ ထပ်ပြီးမှ ရွှေ့ပေးနေရတာ ဆိုတော့လေ။ ရှောင်တဲ့ဘက်တွေကို စစ်ကြောင်းတွေ ဖြန့်ထိုးလာတော့ လိုက်သလိုဖြစ်နေတာပေါ့။ ရှောင်တဲ့နေရာတွေ စစ်ကြောင်းတွေက ကပ်ကပ်လာတော့ တစ်နေရာပြီးတစ်နေရာ ထပ်ရွေ့နေရတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းများသည် လေးတွင်းစဉ်ရွာ၊ မြေမွန်ရွာ၊ တရော်ကိုင်းရွာ၊ ချောင်းသာရွာနှင့် ပဇီကြီးကျေးရွာတို့ကို မီးရှို့ခဲ့သည့်အတွက် အိမ်ခြေ ၈၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီစစ်ကြောင်းများသည် မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှဒေသခံပြည်သူ တစ်သောင်းနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။

သတင်း- Yu San

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ