ကရင်နီပြည်နယ် ဒီး‌မော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ NUG အစိုးရ၏ အလယ်ပိုင်းတိုင်း ၁၁၀၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယာယီစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီခန့်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်း ၁၁၀၂ အဖွဲ့၏ ယာယီစခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေစဉ် ဒီး‌မော့ဆိုမြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ – ၁၀၂) နှင့် (ခလရ – ၄၂၇) က လက်နက်ကြီးများပစ်ကူခဲ့ခြင်းကြောင့် ရဲဘော်တစ်ဦးကျဆုံးကာ အမျိုးသမီးရဲဘော် နှစ်ဦး ထိခိုဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“သူက NUG လက်အောက်ကနေ တိုက်ရိုက်သွားတဲ့ စခန်းပေါ့။ ယာယီစခန်းပေါ‌နော်။ အစကတော့ ကျွန်တော်တို့တပ်ကပဲ။ ဒါပေမဲ့ အဲ့ဘက်ကို ရွှေ့ပြောင်းပြီး တာဝန်ထမ်းဆောင်ခိုင်းထားတာ‌ပေါ့နော်။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြီးတော့ မြေပြင်ကနေ ၁၂၀ မမလည်း ဆက်တိုက်ထုတယ်ပေါ့နော်။ လေကြောင်းနဲ့ ဗုံးကြဲနေတဲ့အချိန် မြေပြင်ကနေရော ပစ်ကူတာပေါ့။ ကြည့်ရတာတော့ တိုင်ပင်ပြီးပစ်ကြတာထင်တယ်။ ရဲဘော်ကတော့ အဲ့နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟုပြောသည်။

ကျဆုံးသွားသော ရဲဘော်သည် အလယ်ပိုင်းတိုင်း ၁၁၀၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော အသက် ၁၉ နှစ်အရွယ်ရဲဘော်တစ်ဦးဖြစ်ပြီး သူ၏ နာမည်နှင့် အသေးစိတ်အချက်အလက်ကိုမူ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။

တစ်ချိန်တည်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့၏ ယာယီစခန်းကိုပစ်ခတ်ခဲ့သည့် ငွေတောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၁၀၂)က ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို တစ်နာရီခန့်ကြာ ၁၂၀ မမ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း ကရင်နီပြည်နယ်တွင် လူ့အခွင့်အရေးလှုပ်ရှားနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ခုထိတော့ စစ်ရှောင်တွေ ထိခိုက်တာမျိုးမကြားရသေးပါဘူး။ ၁၂၀ မမတွေနဲ့ကတော့ စစ်ရှောင်တွေ အများဆုံးရှိတဲ့ နေရာဘက်ကို ဦးတည်ပြီး ပစ်ခတ်ခဲ့တာဗျ။ ပစ်တဲ့နေရာက တစ်နေရာထဲမဟုတ်တော့လေ။ အကုန်လုံးရဲ့ အခြေအနေကိုမသိရသေးပါဘူး” ဟုပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်း၏ ထိခိုက်ဒဏ်ရာရရှိသူနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးပါ။

တိုက်ခိုက်ခံရသော အလယ်ပိုင်းတိုင်း ၁၁၀၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ရေးယာယီစခန်းနှင့် စစ်ရှောင်စခန်းသည် တစ်မိုင်ခန့် အကွာအဝေးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးခန်းအဆောက်အအုံးများပျက်စီးကာ ဆေးကုသခံယူနေသူ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ