ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် မြေပြိုသောကြောင့် လူငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တောင်ကို အပေါက်ဖောက်ကာ အက်စစ်ရည်များလောင်းထည့်ချိန် ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခွဲခန့်က မြေပြိုကာ အလုပ်ခေါင်းဆောင်တစ်ဦးနှင့် အလုပ်သမားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“အလုပ်လုပ်နေတဲ့နေရာကို လာကြည့်ပြီး အပြန်လမ်းမှာ တောင်ပေါ်က ရေထည့်တာ များသွားလို့ ရေရော ကျောက်တုံးရော သစ်တုံးရော အရမ်းမြန်တယ်။ အသံလေးနည်းနည်းပဲ ကြားတယ်၊ အကုန်းလုံးပါသွားတာ။ သူတို့ (သေဆုံးသူ နှစ်ဦး) ပြန်တဲ့လမ်းမှာ ဓာတ်မြေဩဇာ ဖျော်နေတဲ့သူတောင် လွတ်အောင် ပြေးလာခဲ့ရတယ်။ သူတို့နှစ်ယောက်က လမ်းအလယ်မှာဆိုတော့ ပြေးမလွတ်တော့ဘူး” ဟု သူက ပြောသည်။

မြေရှားတူးဖော်ရေး ကုမ္ပဏီမန်နေဂျာနှင့် တရုတ်လောပန်းက သတ္တုလျှင်မြန်စွာရရှိရန် အက်ဆစ်ရေအများအပြားထည့်ခိုင်းခဲ့ခြင်းကြောင့် မြေပြိုရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“အမှန်ဆိုတောင်အသစ်က ရေအများကြီး မထည့်ရဘူး။ အခုရေအများကြီးထည့်ခိုင်းတော့ တောင်ပြိုတာ။ အလုပ်ဆိုဒ်ထဲက သတ္တုအမြန်ရချင်လို့လေ အခုလိုဖြစ်ကုန်တာ” ဟုပြောသည်။

သေဆုံးသူ လူငယ်အမျိုးသားနှစ်ဦးမှာ အသက် ၂၄ နှစ်ခန့်အရွယ်ရှိ ဆဒုံးမြို့နေ မောင်ကျန်းယိမ်းဆိုသူနှင့် နမ္မတီးမြို့၊ လမ်းခွကျေးရွာနေ မောင်လမိုင်နော်ထွယ်ဆိုသူဖြစ်ပြီး တောင်ပေါ်တွင် ရေပိုက်ကြည့်သည့် အမျိုးသမီးအလုပ်သမားရှစ်ဦးနှင့် အမျိုးသားအလုပ်သမားသုံးဦးတို့မှာ လွတ်မြောက်လာကြောင်းသိရသည်။

ဘက်ဟိုးလေးစီးဖြင့် သေဆုံးသူတို့၏ ရုပ်အလောင်းကို ရှာဖွေရာ မောင်းကျန်းယိမ်းဆိုသူ၏ ရုပ်အလောင်းကို တွေ့ရှိထားပြီး မောင်လမိုင်နော်ထွယ်၏ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှာသတ္တုကို တောင်များတွင် ကြွက်တွင်းကဲ့သို့သော အပေါက်ငယ်များဖောက်ကာ အားပြင်းအက်စစ်များ လောင်းထည့်ပြီး တောင်ပတ်ပတ်လည်မှ ပိုက်များဖြင့်ဖောက်ကာ သတ္တုရေကန်များဖြင့် သတ္တုရည်များကို ခံယူကာ တူးဖော်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် မေလမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ မြေရှားသတ္တုတန်ချိန် ၁၄၀,၀၀၀ ခန့် တူးဖော်ခဲ့ပြီး အန္တရာယ်ရှိသည့် ဓါတုစွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း ၂၈၄ သန်း၊ ရေဒီယိုသတ္တုကြွ တန်ချိန် ၁၄ သန်းလည်း ထွက်ရှိခဲ့သည်ဟု The Harvard International Review သတင်းက ဖော်ပြခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုများကို စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) ပန်ဝါပြည်သူ့စစ် ဦးဇခုန်တိန့်ယိန်းနယ်မြေတွင် တရုတ်ကုမ္ပဏီများက လာရောက်တူးဖော်နေကြခြင်းဖြစ်ပြီး လုပ်ကွက် ၃၀၀ ခန့်၊ သတ္တုရည်ကန်ပေါင်း ၂၇၀၀ ကျော်ရှိပြီး လုပ်ကွက်၏ ဧရိယာအကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်က ထုတ်ပြန်သည့် Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် မြေရှာသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် အက်စက်များကြောင့် သဘာဝတောရိုင်း တိရိစ္ဆာန်များနှင့် သစ်တောများ ပျက်စီးခြင်းအပြင် လူများတွင်လည်း အသက်ရှူလမ်းကြောင်းရောဂါ၊ အစာအိမ် အူလမ်းကြောင်းရောဂါ၊ မျက်စိနှင့် အရေပြားရောဂါများအပါအဝင် အရိုးပွရောဂါအစရှိသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများက လုပ်ခလစာအဖြစ် တစ်လလျှင် တရုတ်ငွေ ယွမ်လေးထောင်၊ ယခုကာလ တရုတ် – မြန်မာငွေလဲလှယ်နှုန်းဖြင့် ငွေကျပ် ၁၆ သိန်းခန့် ရရှိကြသော်လည်း လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများလည်းရှိကြောင်း သတင်းရင်းမြစ်ထံကသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ မိုင်ဂျာယာန်ဒေသနှင့် မံစီမြို့နယ်တို့တွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်လာပြီး ဒေသခံများကန့်ကွက်သောကြောင့် မံစီမြို့နယ်၊ ဒိန်းဆိန်ပါဒေသရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယခုနှစ် ၂၀၂၃ ဧပြီလ ၁၅ ရက်နေ့က KIO ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လက မိုင်ဂျာယာန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးတွင် ကြေညာခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ