စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဆင်ဖြူဆိပ်ကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦးကို ယမန်နေ့ မွန်းတည့် ၁၂နာရီခန့်က စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆင်ဖြူဆိပ်ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ထီးချိုင့်ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“ဆင်ဖြူဆိပ်က ဖမ်းသွားတဲ့ အရပ်သားနှစ်ဦးကိုလည်း သူတို့သတ်သွားပြီ။ အရပ်သားပြည်သူနှစ်ဦးကို ဓားစာခံခေါ်သွားတယ်။ ခေါ်သွားပြီးတော့မှ သေနတ်နဲ့ ပစ်သတ်ထားခဲ့ပြီ” ဟုပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူနှစ်ဦးမှာ ဆင်ဖြူဆိပ်ကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ကိုကျော်ဇင်ဝင်းနှင့် အသက် ၃၇နှစ်အရွယ် ကိုတိုင်းချစ်တို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ဆင်ဖြူဆိပ်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျလို့ ကိုယ့်ဘက်က ကလေးနှစ်ယောက်ကျတယ်။ သုံးယောက်က ဒဏ်ရာရတယ်” ဟုပြောသည်။

ကျဆုံးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဆင်ဖြူဆိပ်ရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ဦးသန်းထွန်းဦးနှင့် KIA တပ်ဖွဲ့ဝင် ရခိုင်ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ဆင်ဖြူဆိပ်ကျေးရွာကို နှစ်ကြိမ်မီးရှို့ခဲ့သည့်အတွက် ဒေသခံနေအိမ် ၄၀လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှစပြီး ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)ပါဝင်သည့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ