စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှ နေအိမ်နှစ်လုံးကို ဝင်ရောက်ဖျက်ဆီးသွားကြောင်းသိရသည်။

ရဲတပ်ရင်း ၃၀ နှင့် ဖားကန့် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆိပ်မူကျေးရွာ ရပ်ကွက် (၄) က နေအိမ်တစ်လုံးကို ဖျက်ဆီးကာ မှော်ရှန်ကျေးရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းလျှောက်လာတာကတစ်ဖွဲ့ ကားနဲ့လာတာကတစ်ဖွဲ့။ ဒလန်တွေ သတင်းပေးလို့ လာတာပေါ့။ မဟုတ်တုတ်ကတွေ လျှောက်သတင်းပေးတာနေမှာပေါ့ ဘလိုင်းကြီးဝင်ရှို့သွားတာ၊။ တစ်နေရာက အိမ်ကိုက ဝင်ဖျက်သွားတယ်” ဟုပြောသည်။

လူလာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် အိမ်ကို မီးရှို့သွားပြီး ပစ္စည်းနှင့် ငွေကြေးအချို့ကိုလည်း ယူဆောင်သွားကြောင်း ကေအိုင်အေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လူတော့မဖမ်းမိလို့ အိမ်ကို မီးရှို့သွားပေးတယ်။ ပစ္စည်းတွေ ပိုက်ဆံတွေပါသွားတယ်တဲ့။ စစ်တပ်တွေဝင်ပြီးမှ ရှာဖွေမီးရှို့ တခြားဘေးက အိမ်တချို့ကိုလည်း ရှို့မယ်ဆိုပြီးမှ စစ်ဆေးမယ်လို့ ပြောတဲ့အချိန် ဗိုလ်ကြီးကငါတို့ကြာကြာနေလို့မကောင်းဘူး။ မြန်မြန်သွားရအောင်ဆိုပြီး အဲ့အိမ် တစ်အိမ်ပဲမိးရှို့ပြီး မြန်မြန်သွားလိုက်တာတဲ့” ဟုပြောသည်။

နေအိမ်ကိုမီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ခြောက်စီးနဲ့ ကားနှစ်စီးကို ယူသွားကြောင်းသိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်က မဇွပ်ယာန်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ကလည်း မှော်ပုံကျေးရွာမှ နေအိမ်သုံးလုံးကို ဖျက်ဆီးခဲ့ပြီး နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ