စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်စုစုပေါင်း ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်မှ ၂၇ ရက်နေ့အတွင်း စစ်ကောင်စီအင်အား ၁၀၀ ခန့်ပါဝင်သောစစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး တပင်ကောင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် မြို့သစ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း Khin U SpecialForce Organization – KSO အဖွဲ့၏ တာဝန်ခံက The 74 Media ကိုပြောသည်။

“စမီးရှို့တာက တပင်ကောင်းကျေးရွာကို ရှို့ခဲ့တာပေါ့နော်။ ပြီးတော့ ကံကြီးကုန်းရွာကို ပြန်ရှို့တယ်။ ပြီးတာနဲ့ မြို့သစ်ကြီးကို ရောက်တာနဲ့ နှစ်ရက်ဆက်တိုက်ရှို့တာ။ နေ့လယ်ကနေရှို့ပြီး ညထိကို မီးခိုးတွေတက်နေတာ မြင်နေရတယ်လေ။ မြို့သစ်ကြီးကတော့ တစ်ရွာလုံးနီးပါးလောက်ပဲ။ နေ့လယ်က ကျွန်တော်တို့ သွားငြိမ်းတော့ နေကပူ မီးရှိန်က ပြင်းနေသေးတာမို့ မီးကြောဖြတ်ရုံလောက်ပဲ ဖြတ်နိုင်ခဲ့တယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း ကံကြီးကုန်းကျေးရွာမှထွက်ခွာချိန်တွင် မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေသော တော်လှန်ရေးရဲဘော်တစ်ဦး မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့ရသည်ဟု သူကပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ထိုးစစ်ဆင်လှုပ်ရှားနေသောကြောင့် ခင်ဦးမြို့နယ် မြကန်ကျေးရွာမှ ဒေသခံပြည်သူ စုစုပေါင်း သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ်ကတော့ ရှို့ခံထားရတဲ့ မြို့သစ်(ရွာ)ကလူတွေပေါ့နော်။ နေပူရှိန်က တအားမြင့်တာရယ်၊ ပြီးရင် ရှင်းလင်းရေးကလည်း ဘာမှသိပ်ပြီးတော့ မလုပ်ရသေးလို့ ပြန်လာလို့မရသေးဘူးပေါ့နော်” ဟုပြောသည်။

စစ်ရှောင်များအတွက် အစားအသောက်နှင့် တဲအိမ်ဆောက်လုပ်ရန် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သူကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေသော တော်လှန်ရေးရဲဘော်ငါးဦး မြကန်ကျေးရွာအနီးတွင် ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခံရပြီး ဒေသခံ ပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ခင်ဦးမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၅၉ ခု ရှိပြီး အိမ်ထောင်စုအရေအတွက် သုံးသောင်းကျော်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းကျော်ခန့်‌နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ