စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တောင်ပိုင်းတွင် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးအနက် ရှစ်ဦးသည် ယမန်နေ့ နံနက်လေးနာရီခန့်က ပေပင်ချောင်ကျေးရွာတွင် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ကောလင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ပေပင်ချောင်ရွာဘက် မနက်က ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)၊ ပလဖ(ပြည်သူ့လုံခြုံရေးအဖွဲ့) ရှစ်ယောက်ကျတယ်။ ကားပေါ်အိပ်ပျော်နေတာကို ဝိုက်ခံလိုက်ရတယ်” ဟုပြောသည်။

ကျန်နှစ်ဦးမှာ ဧပြီလ ၂၆ ရက်နေ့က သဲကောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆယ်ဦးကို သတ်ဖြတ်သွားသည်မှာ မှန်ကန်ကြောင်း ထောက်လှမ်းရေးတာဝန်ခံတစ်ဦးက ပြောသည်။

“အကုန်လုံးကို မစိစစ်ရသေးဘူး။ အိပ်နေတဲ့သူတွေကို ဝိုက်ဖမ်းသွားပြီး သတ်တယ်လို့သိရတယ်။ အဲ့လောက်ပဲပြောခွင့်ရှိတယ်” ဟုပြောသည်။

စစ်ကောင်စီလက်အောက်ခံ Fifty Two News Telegram Channel တွင် ကောလင်းပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင် ပလဖ ကိုနေမျိုးဝင်း(ခ) Global နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့ဝင် ဒါဝိ(ခ) မိုးကြိုးတို့အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ကျဆုံးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆယ်ဦးမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်းကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကောလင်းမြို့နယ်တောင်ပိုင်းတွင် လက်နက်ကြီးထိမှန်သည့် အရပ်သားပြည်သူများ၊ သတ်ဖြတ်ခံရသည့် ပြည်သူများရှိနေကြောင်း ကနဦး သိရသည်။

လက်ရှိတွင် ကောလင်းမြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က အဆိုပါစစ်ကြောင်းသည် ကောလင်းမြို့၊ ကျောက်ပျဉ်သာတိုက်နယ်အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာသည့်အတွက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သတင်း- Yu San

သင့်ထင်မြင်ချက်ရေးပေးပါ