ကွတ်ခိုင်မြို့အတွင်း ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့်အဖွဲ့ကို ကောင်းခါးမြို့တွင် ယနေ့နေ့လယ် ၅နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲသည့်အဖွဲ့က စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေကြစဉ် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“အစကဗြောက်ဖောက်သံထင်နေတာ၊ သုံးလေးခါလောက်မြည်လာတော့ကြည့်လိုက်တော့ ဈေးထိပ်က အိမ်နှစ်ထပ်ကို ပတ်ပတ်လည်ဝိုင်းပစ်နေတာ။ သူတို့ကားမှာ GPS ထည့်လိုက်တာထင်တယ်” ဟုပြောသည်။

ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ဝိုင်းထားသည့်တိုက်အိမ်တွင် ကျည်ထိမှန်ခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားနေချိန် ဘေးပတ်ဝန်းကျင်က လူအချို့၏ ဖုန်းကိုသိမ်းဆည်းခဲ့ကာ ဖြစ်စဉ်ပြီးချိန်တွင် ပြန်လည်ပေးခဲ့ကြောင်း သူကဆက်ပြောသည်။

ပြန်ပေးဆွဲအဖွဲ့သည် ယမန်နေ့က ကွတ်ခိုင်မြို့တွင် အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲခဲ့ကြပြီး ယခင်ကလည်းအလားတူပြစ်မှုများ ကျူးလွန်ဖူးကာ ဖမ်းဆိရမိပြီးနောင် ကွတ်ခိုင်ရဲစခန်း‌သို့ ပို့ဆောင်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ကောင်းခါးစားသောက်ဆိုင်တစ်ခုမှာ ပေါင်းပြီး ဖမ်းမိရတယ်တဲ့၊ အရှင်ဖမ်းမိတယ်တဲ့ ကောင်းခါးက လူတွေနဲ့ပေါင်းပြီး ကွတ်ခိုင်ရဲတွေလည်းပါတယ်။ ခုက ကွတ်ခိုင်ရဲစခန်းကိုပို့ထားတယ်တဲ့။ ခုတလောပြန်ပေးဆွဲ ဓားပြတိုက်နေတဲ့ အဲ့အဖွဲ့ကခြောက်ယောက်ပေါ့” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဓားပြတိုက် ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း တရုတ်ဘုံကျောင်းသွားလမ်း ဓာတ်မြေဩဇာ ရောင်းဝယ်ရေးရှေ့တွင် အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ