ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော လယ်ခြားကျေးရွာတွင် အမျိုးသားတစ်ဦး လက်နောက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ယမန်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် အမျိုးသားတစ်ဦး လက်နောက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းပွင့်၊ လက်တစ်ဖက် ဖြတ်တောက်ခံရသော ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့စစ်ကောင်စီတွေ တပ်စွဲထားတဲ့ ရွာမှာ ကျွန်တော်တို့တွေ နယ်မြေရှင်းလင်းရေးဝင်လုပ်တဲ့အခါ ရွာထဲမှာ လက်ကို နောက်ပြန်ကြိုးတုတ်ထားတယ်။ ပြီးတော့ လက်တစ်ဖက်လည်းဖြတ်ခံထားရတယ် ပြီးရင် မျက်လုံးတွေလည်း ဖောက်ထုတ်ခံထားရတယ်‌ပေါ့နော်။ တော်တော်လေးကို နှိပ်စက်ပြီး သတ်ဖြတ်ခံထားရတဲ့ အနေအထားပေါ့နော်။ မျက်နှာနဲ့ သူ့ရဲ့ကိုယ်တွေကတော့ ရိုက်နှက်ထားတဲ့ဒဏ်ကြောင့် တော်တော်ပျက်စီးနေပြီးဖြစ်တဲ့အတွက် အဲ့ညမှာပဲ သင်္ဂြိုလ်ခဲ့တာပေါ့နော်” ဟု ပြောသည်။

သေဆုံးသွားသော အမျိုးသားသည် အသက် ၃၀ ကျော်ခန့် အရွယ်ရှိပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ရုပ်အလောင်းကို လယ်ခြားကျေးရွာတွင် သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သူက ပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ကာ ဥပဒေအရ တရားမျှတမှုဆက်လက်ဖော်ဆောင်သွားမည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ တာဝန်ခံတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ နောင်တစ်ချိန်ကျရင် ဥပဒေအရ တရားမျှတမှုကိုဖော်ဖို့အတွက် မဖြစ်မနေပြောရမဲ့ အကြောင်းမှာပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ကရင်နီပြည်သူတွေက အဆိုးဝါးဆုံးလူ့အခွင့်အရေးချိုးဖောက်မှုအောက်မှာ ရှင်သန်နေရတယ်‌‌ပေါ့။ ရုပ်ပိုင်းဆိုင်ရာအရရော အမျိုးမျိုး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရတယ်။ လေယာဉ်နဲ့ရော လက်နက်ကြီးတွေနဲ့ရော အကြောင်းမဲ့သတ်ဖြတ်ခံနေရတယ်” ဟုပြောသည်။

ကရင်နီပြည်နယ်ရှိ လူဦးရေစုစုပေါင်း သုံးသိန်းကျော်တွင် နှစ်သိန်းခန့်သည် စစ်ဘေးရှောင်နေရသောကြောင့် မြန်မာနိုင်ငံတွင် စစ်ရှောင်အများဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သူကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်မဲသင်းကျေးရွာရှိ ဒေသခံ သုံးဦးကိုလည်း လက်နောက်ပြန်ကြိုးတုတ်ကာ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီပူး‌ပေါင်းတပ်ဖွဲ့တို့ကြား မိုးဗြဲမြို့ တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာတို့တွင် တိုက်ပွဲအခြေအနေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ရင်းမှူးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNDF, KGZ

သင့်ထင်မြင်ချက်ရေးပေးပါ