စစ်ကောင်စီတပ်စွဲထားသည့် ကင်းစခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ည ၈ နာရီခွဲခန့်က သွားရောက်တိုက်ခိုက်ချိန် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ချင်းအမျိုးသားတပ်ဦး (CNA) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား သီမစ်ချောင်းတံတားအနီးရှိ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့သည်ဟု CNA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက The 74 Media ကိုပြောသည်။

“ဂိတ်စခန်းတစ်ခု ရရှိလိုက်တယ်။ ကျွန်တော်တို့သိမ်းလိုက်တဲ့စခန်းက လက်နက်တစ်ချို့တော့ ရရှိလိုက်တာပေါ့။ ဒါပေမဲ့ အသေးစိတ် ဘာတွေလဲကို ကျွန်တော်တို့မသိသေးဘူးပေါ့နော်။ တောင်ကုန်းတစ်ခုမှာ ကင်းစခန်းပုံစံနဲ့ သုံးခုရှိတယ်။ စခန်းတစ်ခုမှာ အနည်းဆုံးတပ်စိတ်တစ်စိပ်စီထိုင်တဲ့ပုံစံ စခန်းချထားတာပေါ့နော်” ဟုပြောသည်။

ကျန်ရှိနေသည့် စခန်းနှစ်ခုကို သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်နေချိန် ယနေ့ နံနက် ၁ နာရီနှင့် ၃ နာရီတို့တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခြားတပ်ဖွဲ့ဝင်သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“နောက်ထပ်ကျန်တဲ့စခန်းနှစ်ခုကို သိမ်းဖို့အလုပ်မှာ လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်လာကြဲသွားပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက်ကျသွားခဲ့တယ်။ ပြီးတော့ ဒဏ်ရာရတာက သုံးယောက်ပေါ့။ အလောင်းကို လုံခြုံတဲ့နေရာကိုတော့ ကျွန်တော်တို့သိမ်းထားပြီးပြီ” ဟုပြောသည်။

တိုက်ပွဲကို CNA ကဦးဆောင်ကာ CDF Zophei၊ CDF Hakhaနှင့် CDF Thantlangတို့က ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ဧပြီလ ၁၄ ရက်နေ့က ဖလမ်းမြို့နှင့် ဟားခါးမြို့ကြားတွင်လည်း စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNA) တပ်ဖွဲ့ဝင် ဒရုန်းဆရာ ရှိန်းထက်အောင် ကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Pu Noi Tsawm

ဓာတ်ပုံ – Salai Aik Thang Hwan

သင့်ထင်မြင်ချက်ရေးပေးပါ