စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များသည် မြေပွေးကိုက်ခံရသောကြောင့် သေဆုံးသူများ ရှိနေသည့်အတွက် မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံများသည် စစ်ကောင်စီဘေးရန်အပြင် မြွေပွေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရကြောင်း ကန့်ဘလူတိုက်နယ်မှ ကျန်းမာရေးတာဝန်ခံ ဆရာမတစ်ဦးက The 74 Media ကို ပြောသည်။

“ဟိုနေ့က ရှစ်နှစ်သားကျောင်းသားလေးတစ်ယောက် မြွေကိုက်ခံရတဲ့အတွက် အချိန်မှီမကုနိုင်လို့ အသက်ဆုံးရှုံးသွားတာပေါ့နော်။ အခုမှဆယ်ရက်ပဲ ရှိသေးတယ်” ဟုပြောသည်။

အပူပိုင်းဒေသဖြစ်သည့် ကန့်ဘလူမြို့နယ်တွင် အဆိပ်ပြင်းမြွေပွေးအမျိုးအစား ပေါများသည့်အပြင် ယခုလာမည့် မေလမှ နိုဝင်ဘာလကြားတွင် မြွေပွေးသားပေါက်ချိန်ဖြစ်သည့်အတွက် မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေသည်ဟု ကန့်ဘလူ- ကျွန်းလှတက်ကြွလှုပ်ရှားရေးအဖွဲ့မှ တာဝန်ခံတစ်ဦးကပြောသည်။

“သဖန်းဆိပ်ဆည် ရေကျတဲ့အချိန်ဆိုရင် သူ့ရဲ့ပတ်ဝန်းကျင်မှာ မြွေပွေးတွေက တော်တော်လေးကိုပေါတာ။ နှစ်တိုင်းကျွန်တော်တို့ဘက်မှာ မြွေပွေးကိုက်လို့သေတဲ့သူက တော်တော်လေးကိုများတယ်” ဟုပြောသည်။

မြွေဆိပ်ဖြေဆေးတစ်လုံးလျှင် ငွေကျပ်တစ်သိန်းအထက်ရှိပြီး ကန့်ဘလူမြို့နယ်အတွင်း ဝယ်ယူရန်ခက်ခဲသည့်အတွက် အခြားမြို့နယ်များတွင် သွားရောက်ဝယ်ယူနေရကြောင်း သူကပြောသည်။

ကန့်ဘလူမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းများသည် ကျေးရွာများကိုမီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အတွက် စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံများမှာ တောတွင်းနေရာများတွင် ရှောင်တိမ်းနေထိုင်ရကြောင်း သိရသည်။

ယခုလအတွင်း မြွေကိုက်ခံရသည့် စစ်ရှောင်ပြည်သူလေးဦး မြွေကိုက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ မြွေဆိပ်ဖြေဆေး ဝယ်ယူရန်ခက်ခဲခြင်း၊ ဆေးအလုံအလောက်မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ကန့်ဘလူမြို့နယ်မှ ဒေသခံပြည်သူများစစ်ဘေးရှောင်ရသည့် တစ်နှစ်ကျော်အချိန်ကာလအတွင်း စစ်ရှောင်ပြည်သူ ၆၁ဦး မြွေကိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

မြွေပွေးအဆိပ်သည် လူ့ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုစနစ်ကို ပျက်စီးစေသည့်အတွက် မြွေကိုက်ခံရသည့်နေရာနှင့် မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ စအိုတို့မှ သွေးထွက်ခြင်း၊ နာကြင်ရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အရေပြားတွင် မီးလောင်ဖုကဲ့သို့ အဖုအပိန့်များဖြစ်ပွားကြောင်းသိရသည်။

မြွေပွေးကိုက်ခံရပြီးနောက် မြွေဆိပ်ဖြေဆေး ချက်ချင်းထိုးရန်လိုအပ်ကြောင်းနှင့် သို့မဟုတ်ပါက သွေးလှည့်ပတ်စနစ်နှင့် ကျောက်ကပ်ပျက်စီးမှုကြောင့် လေးရက်ကြာလျှင် အသက်သေဆုံးနိုင်ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ