မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

မင်းထိပ်ခေါင်လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် လုံထန်ပြည်သူ့စစ်တစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ပစ္စတိုဖြင့် လာရောက်ပစ်သတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်ဖက်ရည်ထိုင်သောက်နေတဲ့ လုံထန်ပြည်သူ့စစ်ကို ဒီအတိုင်းပစ္စတိုနဲ့ ဝင်လာပစ်သွားတာပါ။ တစ်ချက်ပဲ။ မူဆယ်မှာကတော့ ဘယ်ပြည်သူ့စစ်သေသေ သနားဂရုဏာစိတ်လုံးဝမရှိကြဘူး။ လုပ်ကြံခံရပြီးသေတိုင်းလည်း တစ်မှုမှမမိသေးဘူး” ဟုပြောသည်။

အသတ်ခံခဲ့ရသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ကိုလတ်ဆိုသူဖြစ်ပြီး လုံထန်ပြည်သူ့စစ် ခေါင်းဆောင်ဖြစ်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကပြောသည်။

“ခေါင်းဆောင်ဆိုတော့ ပါးစပ်လည်းအရမ်းကြမ်းတာပေါ့။ သူများတွေကြည့်မရလို့ သတ်တာနေမှာလို့တော့ ပြောနေကြတာပဲ။ ဘယ်သူတွေလာပစ်သွားတယ်။ ဘယ်အဖွဲ့အစည်းကဆိုတာမသိရဘူး။ ရဲတွေတောင် မသိကြဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး မူဆယ်မြို့ပြင်ရှိ သိန်းသန်းချီကားကြီးကွင်း အဝင်ဝတွင် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ