ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လပ်ကီးဆဲဗင်းစက်သုံးဆီဆိုင်အနီးရှိ နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဝါယာရှော့ခ်ကြောင့် ဖြစ်နိုင်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ကတော့နှစ်ထပ်အိမ်ပုံစံပဲ၊ ရှော့ခ်ဖြစ်တာနေမှာ အဲ့ဒီလောင်တဲ့အရှေ့ကနေဖြတ်သွားတာတောင် ဝါယာကြိုးညော်နံတွေ နံထောင်းနေတာပဲ” ဟုပြောသည်။

မီးလောင်နေစဉ်အတွင် ပေါက်ကွဲသံများလည်း ကြားခဲ့ရပြီး တစ်အိမ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံတွေကောကြားနေရတယ်။ မီးအားကတော်တော်ပြင်းတယ်၊ နာရီဝက်လောက်ကြာမယ်ထင်တယ် မီးစွဲတာကလေ” ဟုသူကပြောသည်။

မီးလောင်ပျက်စီးခဲ့သည့်နေအိမ်မှာ သွပ်မိုး၊ ထရံကာ အိမ်အမျိုးအစားဖြစ်ပြီး မီးသတ်ကား နှစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုတွင်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က နွန်ရိပန်စားသောက်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်အိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရှမ်းကုန်းဈေးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

သတင်း – SK

ဓာတ်ပုံ – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ