စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွားသည့် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာ ဒေသခံများမှ ၅၀ ခန့် ယနေ့နံနက် ၉ နာရီခန့် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

မှော်ပုံကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၁၀၀ ခန့်မှ ၅၀ ခန့်ကို ခံဝန်ထိုးခိုင်းကာ ပြန်လွတ်ပေးခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လွတ်တယ်တဲ့ ဒီမနက်က။ ကချင်ကလေးတွေ အများစု မပါလာဘူး။ ဝန်ခံကတိထိုးခိုင်းပြီးပြန်ခိုင်းတယ်တဲ့။ KIA တွေနဲ့ ပတ်သက်တယ်၊ မပတ်သက်ဘူး အဲ့လိုမျိုးတွေ သူတို့ (စစ်ကောင်စီ) ကိုယ်တိုင်ရေးတယ်တဲ့။ သူတို့ ကိုယ်တိုင်ရေးပြီး လူသုံး၊ လေး၊ ငါးယောက်ကို စာရွက်ပေးပြီး အကုန်လုံးကို ရေးခိုင်းတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ပြန်ဖတ်တယ်တဲ့” ဟုသူကပြောသည်။

မဇွပ်ယန်အကျဉ်းထောင်မှ ဖားကန့်ရဲစခန်းသို့ ပို့ဆောင်ခံခဲ့ရသည့် မှော်ပုံကျေးရွာမှဒေသခံ ၂၅ ဦးကိုလည်း ဧပြီလ ၂၅ ရက်နေ့က တပ်မ ၃၃ ခေါ်ယူစစ်ဆေးပြီးနောက် လွတ်ပေးခဲ့ကြောင်း နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့မှာ ဖုန်းတွေပါလာတယ်လေ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတွေကြ‌တော့ မလွတ်ဘူးပေါ့။ ဖမ်းလည်း မဖမ်းထားဘူး။ ဟောခန်းထဲမှာ ထားထားတာ။ ဘာတွေပြောသေးလဲဆိုတော့ နိုင်ငံရေးနဲ့ ကင်းရှင်းရင်တော့ လွတ်ပေးမှာပေါ့ အဲ့ဒီလိုမျိုးပြောတယ်။ ဖုန်းတွေ ဘာတွေစစ်မှာပေါ့” ဟုပြောသည်။

ကံဆီးကျေးရွာသို့ လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ၁၅ ဦးလည်း ဧပြီ ၂၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံ(မဒဲယာန်) ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်းသွားခြင်း ဖြစ်သည်။

ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာနှင့် မှော်ပုံကျေးရွာကြားတွင်လည်း ယမန်နေ့က စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ