ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာကို ယမန်နေ့ နံနက် ခြောက်နာရီခန့်က ကရင်နီပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံးပြီး နှစ်ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ – ၁၀) တပ်စွဲထားသော မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်သို့ ကရင်နီပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာမှ ငါးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်သားတွေ အကုန်လုံးနီးပါး သေသွားတယ်ပေါ့နော်။ အဲ့မှာ နှစ်ယောက်ကို ကျွန်တော်တို့ အရှင်ဖမ်းမိတယ်။ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်။ သူတို့ (စစ်ကောင်စီ) ဘက်က လက်နက်ကြီးတွေနဲ့ရော လေယာဉ်တွေနဲ့ရော တိုက်ပွဲဖြစ်နေတဲ့ အတောအတွင်း လာပစ်တဲ့အတွက် အဲ့မှာရှိတဲ့ နေအိမ်အချို့ ပျက်စီးသွားခဲ့တယ်” ဟုပြောသည်။

အရှင်ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီတပ်သားနှစ်ဦးမှာ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်ကြီးတို့ဖြစ်ပြီး နိုင်ငံတကာက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း ၁၄ လက်ခန့် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃၊ တပ်ရင်း ၁ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (KRU)၊ မိုးဗြဲ PDF တပ်ရင်း ၁ တို့ သွားရောက်ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများမရှိသော်လည်း ပျက်စီးသွားသော နေအိမ် အရေအတွက်ကိုမူ မသိရှိရသေးပါ။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ‌ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်သည့် သုံးရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ –  KNDF

သင့်ထင်မြင်ချက်ရေးပေးပါ